မင်းလှ နိုဝင်ဘာ ၂၂
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(မင်းလှ)၌ ကျင်းပသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေ သကြီးဝန်ကြီးချုပ်က ပါဝင် ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကာ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ပြီး ကျောင်းအတွင်း ခင်းကျင်း ပြသထားသည့် ဂိမ်းကစားပြိုင်ပွဲများ၊ ကျောင်းစာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင်များ၊ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းနှင့် ဌာနဆိုင်ရာပြခန်းများအား လှည့်လည် ကြည့်ရှု အားပေးသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို အဆိုပါကျောင်းရှိ မင်းလက်ဝါး ခန်းမ၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” Video Clip အား ပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အနာဂတ် တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဗလငါးတန် ပြည့်စုံစေရေး အသိပညာ၊ အတက်ပညာ မြင့်မားတိုးတက်စေရေး၊ စာပေကို အလေးထား တန်ဖိုး ထားပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားတက်စေရေး၊ စာကြည့်တိုက်များနှင့် ယဉ်ပါးလာပြီး စာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်း စသည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုကဲ့သို့ပွဲတော်များ ကျင်းပခြင်းဖြစ်ကြောင်း၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ကြားပေးခြင်းနှင့်အတူ ကျောင်းစည်းကမ်းလိုက်နာခြင်းမှ အစပြု၍ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များကို လေးစားလိုက်နာတက်သည့် နိုင်ငံကြီးသား အလေ့အကျင့် ကောင်းများ ကိန်းအောင်း လာအောင် လေ့ကျင့် ပျိုးထောင်ပေးကြဖို့ လိုအပ်ပါကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသိပညာ ဗဟုသုတ ရှာမှီးနိုင်ရန် ကျောင်းစာကြည့်တိုက်များ၊ ရပ်ရွာစာကြည့်တိုက်များ ဖွံ့ဖြိုးရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ယခုလို အလေးထား ဆောင်ရွက်ပေးနေတာ ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့်လည်းကောင်း၊ “ဗိုလ်ရှုသဘင်” သီချင်းဖြင့် လည်းကောင်း၊ “လှမ်းခဲ့ပါအဆွေ ဖန်ခါးမြေ သီချင်းဖြင့်လည်းကောင်း ၊ “ထာဝရသစ္စာ” သီချင်းဖြင့် လည်းကောင်း အသီးသီး သီဆိုကပြ ဖျော်ဖြေခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆု ရရှိသူများက ပြန်လည် သရုပ်ပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာပေဟောပြောပွဲတွင် ပါဝင်ကူညီခဲ့သည့် စာရေးဆရာ မြတ်ဇင်အား အမှတ်တရလက်ဆောင်ပေးအပ်ကာ မင်းလှမြို့၊ အခြေခံပညာအထက် တန်းကျောင်း စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်း၍ သီဆိုဖျော်ဖြေခဲ့သည့် ကျောင်းသား ၊ ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ငွေများ အသီးသီး ပေးအပ် ခဲ့သည်။
ဆက်လက်၍ စာပေဆိုင်ရာပြိုင်ပွဲများဖြစ်သည့် စကားရည်လုပြိုင်ပွဲ၊ ကျပန်း စကားပြော ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် စာပေဆိုင်ရာ ပြိုင်ပွဲများအဖြစ် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာဖတ်ဝိုင်းများအပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းနှင့် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ဂိမ်းကစား ပြိုင်ပွဲများကို ထည့်သွင်း ကျင်းပခဲ့ကာ ကျောင်းသား၊ ကျောင်းသူ များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။