မကွေး နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် ဧရာဝတီမြစ်အတွင်းသို့ ရေထွက်ပေါက်(၇)ခုဖြင့် စွန့်ထုတ်လျက်ရှိရာ စွေ့ချောင်းရေထွက် ပေါက်သည် မြို့တွင်းမိုးရေများ၏ (၆၀%)ခန့် (အများဆုံး) စီးထွက်သော ရေထွက်ပေါက်ဖြစ်ပြီး၊ ချောင်းတလျှောက် ရေစီးရေလာ ကောင်းမွန်ရေး၊ ချောင်း၊ မြောင်း တိမ်ကောမှု မရှိစေရေးနှင့် မြို့ပြ ဧရိယာ သန့်ရှင်းကျန်းမာရေးအတွက် မကွေးမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်သည့် စွေ့ချောင်း ကျောက်ရိုးစီ ရေထုတ်မြောင်း ပြုလုပ်ခြင်း လုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးကာ၊ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
စွေ့ချောင်းသည် မကွေးမြို့၊ စိုးကောမင်းရပ်ကွက်(မင်းကံကြီးရပ်ကွက်)၊ ကင်းရပ်(ဆားရွှေ ကင်းရပ်ကွက်)တွင် တည်ရှိပြီး လမ်းငါးသွယ်အဝိုင်း၊ ပြည်တွင်းအခွန်ရုံးအနီးမှ စတင်စီးဆင်းကာ ကင်းရပ်၊ စင်္ကြာမှန်ကင်းဘုရားအနီးရှိ ကန်တော်ကြီးအတွင်းသို့ စီးဝင်ပြီး ရေထိန်းတံခါးမှ တစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ခြင်းဖြစ်ပြီး၊ လမ်းငါးသွယ်အဝိုင်းမှ ချောင်းရေစုကန်အထိ(၂၄၁၀)ပေရှိ ရေထုတ်မြောင်းမကြီးအား ကျောက်ရိုးစီ ရေထုတ်မြောင်း ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ စွေ့ချောင်းတွင် ဆောင်ရွက်သည့် ရေမြောင်းမှာ ကျောက်ရိုးစီရေမြောင်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင်( ၈၁၀' x ၁၂' x ၇' )အား ခွင့်ပြုရန်ပုံငွေ( ၂၁၄ )ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ကျန်ရှိပေ( ၁၆၀၀ )အား ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင်( ၁၆၀၀’ x ၁၀’ x ၁၀’ ) အား တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၇၉၇.၁၈၃)ကျပ်သန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကာ၊ အဆိုပါ လုပ်ငန်းအား (၃၁-၈-၂၀၂၄)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ ၇၀% လုပ်ငန်းပြီးခဲ့ပြီး(၃၁-၁၂-၂၀၁၄)ရက်နေ့တွင် စွေ့ချောင်း ကျောက်ရိုးစီ ရေထုတ်မြောင်း ပြုလုပ် ခြင်း လုပ်ငန်းအား ပြီးစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် သင်္ချာနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ကျင်းပသည့် မကွေးမြို့ အမှတ်(၃)နှင့် အမှတ်(၄) အခြခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ မကွေးတိုင်းဒေသကြီး(တိုင်းဒေသကြီးအဆင့်) သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ စွမ်းရည်စစ်ဆေး အကဲဖြတ်ခြင်းကို Grade- 5၊ Grade- 6၊ Grade- 7၊ Grade- 8၊ Grade- 9 ကျောင်းသား၊ ကျောင်းသူများ သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲ ဖြေဆိုနေမှု အား ကြည့်ရှုအားပေးသည်။
၂၀၂၄-ခုနှစ် မကွေးတိုင်းဒေသကြီး(တိုင်းဒေသကြီးအဆင့်) သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ စွမ်းရည်စစ်ဆေးအကဲဖြတ်ခြင်းအား အင်္ဂလိပ်စာစွမ်းရည်စာမေးပွဲကို အထက(၃) စာစစ် ဌာနတွင် Grade- 5 မှ Grade- 9 အထိ ကျောင်းသား၊ ကျောင်းသူ (၁၆၈)ဦးနှင့် (တိုင်းဒေ သကြီးအဆင့်)သင်္ချာစွမ်းရည်စာမေးပွဲကို အထက(၄)စာစစ်ဌာန၌ Grade- 5 မှ Grade- 9 အထိ ကျောင်းသား၊ ကျောင်းသူပေါင်း(၁၇၇)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။