မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ် ကျင်ဒွေးဒေသမှ မကွေးမြို့နယ်သို့ စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၀၇)ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေအိမ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ် ကျင်ဒွေးဒေသမှ မကွေးမြို့နယ်သို့ စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု(၃၂)စု၊  လူဦးရေ(၁၀၇)ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေအိမ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မကွေး    နိုဝင်ဘာ   ၃၀

          ချင်းပြည်နယ် ကန်ပတ်လက်မြို့နယ် ကျင်ဒွေးဒေသမှ မကွေးမြို့နယ်သို့ စစ်ဘေးရှောင် လာသည့် စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၀၇)ဦးအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နေအိမ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းက မကွေးမြို့နယ် မယ်လှတောင်ကျေးရွာအုပ်စုတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေအိမ် များဆောက်လုပ်ထားသော အိမ်ရာဝန်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင်မိသားစုများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စစ်ဆင်ရေးနယ်မြေများတွင် တိုက်ပွဲဖြစ်ပွား၍ နေထိုင်ရန် အခက်အခဲရှိသဖြင့် ချင်းပြည်နယ်၊ ကန်ပတ်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှ မကွေးမြို့နယ်သို့ စစ်ဘေးရှောင်ရန်ရောက်ရှိလာသော အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၀၇)ဦးအား (၈.၉.၂၀၂၄)ရက်နေ့ မှစ၍ မကွေးတက္ကသိုလ်ဝင်းအတွင်းရှိ ဗိဿနိုးအဆောင်တွင် ခေတ္တယာယီနေရာချထားပေး ခဲ့ကြောင်း၊ ကျင်ဒွေးမြို့မှ စစ်ဘေးရှောင်ရန် ရောက်ရှိလာသော မိသားစုများ၏ နေထိုင်အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များဆောင်ရွက်နိုင်ရန် အတွက် စစ်ဘေး ရှောင်ပြည်သူများစီမံခန့်ခွဲမှုကော်မတီ၊ နေအိမ်များဆောက်လုပ်ရေးဆပ်ကော်မတီ၊ ရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီ၊ ရေ/မီး ရရှိရေးဆပ်ကော်မတီ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိ ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆပ်ကော်မတီစသည့် ကော်မတီ(၅)ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ကာ ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဘေးရှောင်ရန်ရောက်ရှိလာသော မိသားစုများ နေထိုင်ရန်အတွက် တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ မကွေးမြို့နယ်၊ မယ်လှတောင် ကျေးရွာအုပ်စု၊ ချောင်းဖြူ ကျေးရွာအနီးတွင် (၃၀ပေ×၄၀ပေ) မြေကွက် ပေါင်း (၁၁၁)ကွက်၊ အကျယ် (၃၀)ပေ လမ်း (၇)လမ်းကို ဖော်ဆောင်ပေးခဲ့သလို၊ တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ နေအိမ်များနှင့် အိမ်သာများ ဆောက်လုပ်ပေးခြင်း၊ ခြံစည်းရိုးတိုင်များ စိုက်ထူပေးခြင်း၊ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေးခြင်း၊ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့နှင့် ကျေးလက် လမ်းဦးစီးဌာနတို့မှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် မြေနေရာများပြုပြင်ပေးခြင်း၊ ခြုံနွယ်များ ရှင်းလင်းပေးခြင်း၊ လမ်းများဖောက်လုပ် ပေးခြင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေများရရှိရန် အတွက် ဆိုလာစနစ် စက်ရေတွင်းတူးဖော်ပေးခြင်း၊ ရေကန်များ ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အတူ တိုင်းဒေသကြီးလျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မီးရရှိရေး အတွက် လျှပ်စစ်မီးတိုင်များ စိုက်ထူပြီး မီးကြိုးသွယ်တန်းခြင်း၊ နေအိမ်(၁)လုံးချင်းစီအတွက် လျှပ်စစ်မီးသုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ချင်းပြည်နယ်၊ ကန်ပတ်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှ စစ်ဘေးရှောင်ရန် ရောက်ရှိလာသော အိမ်ထောင်စု(၃၂)စု၊ လူဦးရေ(၁၀၇)ဦးအား နေထိုင်ရေးကိစ္စရပ်များအတွက် ရန်ပုံငွေ ကျပ်(၆၈.၄၈) သန်းနှင့် ရေရရှိရေးကိစ္စရပ်များအတွက် ရန်ပုံငွေကျပ် (၁၁.၁၈)သန်းတို့ကို ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ စစ်ဘေးရှောင်မိသားစုများ၏ ကျောင်းသား/သူများ ပညာရေးကိစ္စရပ်များ အဆင်ပြေစေရန် တိုင်းဒေသကြီးပညာရေးဦးစီးဌာနမှ ကျောင်းအပ်နိုင်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က စစ်ဘေးရှောင် အိမ်ထောင်စု များအား နေအိမ်လွှဲပြောင်း/လက်ခံ မှတ်တမ်းများနှင့် စွမ်းအားမြှင့်မီဖိုများအား အိမ်ထောင်စု အလိုက် ပေးအပ်ခဲ့ပြီး၊ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေအိမ်များအား လှည့်လည်ကြည့်ရှု၍ စစ်ဘေးရှောင် ပြည်သူ များအား ရင်းရင်းတွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

          ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများသည် စက်တင်ဘာလ(၈)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိခဲ့ပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက် ယာယီစီမံထားရှိကာ၊ စစ်ဘေး ရှောင်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါပုံး၊ မီးဖိုချောင်သုံးပစ္စည်း(၈)မျိုးပါပုံး၊ မိသားစုသုံးပစ္စည်း(၁၁)မျိုး ပါပုံး၊ သောက်ရေပုံး၊ သင်ဖြူးဖျာ၊ အမျိုးသား၊ အမျိုးသမီးတစ်ကိုယ်ရည် သုံးပစ္စည်း(၁၁)မျိုးပါအိတ်၊ စောင်၊ (၁၀)လီတာဆံ့ရေပုံး၊ တာပေါ်လင်မိုးကာစသည်တို့အား စစ်ဘေးရှောင်ရောက်ရှိလာသော အိမ်ထောင်စု(၃၂)စုမှ လူဦးရေ (၁၀၇)ဦးအတွက် အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးထားပြီး ဖြစ်ကြောင်းနှင့် ယခုအခါ စစ်ဘေးရှောင်မိသားစုများ ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် နေအိမ်များဆောက်လုပ်ကာ အိမ်ထောင်စုအလိုက် နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း