မကွေး ဒီဇင်ဘာ ၃
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 တွင် သင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမ များအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) (TOT) အမှတ်စဉ် (၃)နှင့်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂ ရက်နေ့က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တရား လွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ် သောသင်တန်းသည် Grade 11 နှင့် Grade 12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များကို ဥပဒေပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမများအား ဆရာဖြစ်သင်တန်း သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများကို ထပ်ဆင့်သင်တန်းပေးခြင်းနှင့် ကျောင်းသား၊ကျောင်းသူများကို သင်ရိုးညွှန်းတမ်းဖြင့် ပြန်လည် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိကိုယ်တိုင် ဥပဒေပညာကို သိရှိနားလည်ပြီး ပြန်လည်သင်ကြားပို့ချ ပေးနိုင်သည်အထိ ကြိုးစား သင်ယူကြစေလိုကြောင်း၊ ယခုကဲ့သို့ ဥပဒေအသိပညာကို ကျောင်းသင်ခန်းစာတွင် သင်ရိုးညွှန်းတမ်း အဖြစ် ထည့်သွင်းသင်ကြားပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် ဥပဒေ၏ အခြေခံ သဘောတရားများကို နားလည်သဘောပေါက်ကာ ဥပဒေပါ တားမြစ်ချက်ကို မလိုက်နာခြင်း၊ ဥပဒေအရ လိုက်နာဆောင်ရွက် ရမည့်ကိစ္စကို ပျက်ကွက်ခြင်းတို့အတွက် ပြစ်ဒဏ်သတ်မှတ် ထားကြောင်းနှင့် ပြစ်မှုကျူးလွန်ပါက အပြစ်ရှိကြောင်းကို သိရှိခြင်းဖြင့် ဥပဒေကို လေးစားလိုက်နာ တတ်စေရန်၊ နိုင်ငံသားတစ်ဦး၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် မျှော်မှန်း ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြကြီး တက်ရောက်လာကြသူများနှင့် အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ သင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း(၂၈၅)ဦးအား တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိ(၇)ဦးက သင်ခန်းစာဘာသာရပ် (၇)ခုကို ဒီဇင်ဘာလ(၂) ရက်နေ့မှ(၁၂) ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာအထက်တန်းကျောင်း (၉၁၃)ကျောင်းရှိပြီး (၁)ကျောင်းလျှင် ဆရာ(၁)ယောက်နှုန်းဖြင့်(၉၁၃)ဦးအား သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။