မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (မကွေးဘဏ်ခွဲ)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (မကွေးဘဏ်ခွဲ)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး ဒီဇင်ဘာ ၁၁

          SME- Development Bank အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (မကွေးဘဏ်ခွဲ)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

          ဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်နှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းကျော်တို့က မကွေးဘဏ်ခွဲသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးဘဏ်ခွဲသစ်၏ ဘဏ်ခွဲ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြု အမှာစကား ပြောကြား ရာတွင် နိုင်ငံတော်မှ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နိုင်ငံပိုင် ဘဏ်များနည်းတူ ပုဂ္ဂလိကဘဏ်များမှလည်း အင်တိုက်အားတိုက် ပူးပေါင်း ပါဝင်ဆောင်ရွက် လျက်ရှိတာကိုတွေ့ရှိရပါကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နည်းပညာတိုးတက်မှုများနှင့်အညီ Digital Transformation ကို ၂၀၁၉ ခုနှစ်မှာ စတင် ဆောင်ရွက် ခဲ့ပြီး ဘဏ်ဝန်ဆောင်မှုအသစ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ လိုအပ်ချက်နှင့် အညီ ငွေသားကိုင်ဆောင်သုံးစွဲမှုကို လျော့ချနိုင်ဖို့အတွက် အလွယ်တကူ ငွေထုတ်ယူ သုံးစွဲနိုင်သည့် Debit Card ၊ အကြွေးဝယ်ကတ်ဖြစ်သည့် Credit Card တို့ကို အများပြည်သူ လက်ဝယ်ရောက်ရှိအောင် ဆောင်ရွက်ပေးခဲ့ပြီး တစ်ဦးနှင့် တစ်ဦး လွယ်ကူလျှင်မြန်စွာ ငွေပေးချေ နိုင်သည့် Mobile Banking ဝန်ဆောင်မှုကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်း ရှင်များ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန်၊ မတည်ရင်းနှီးငွေ စီးဆင်းမှုချောမွေ့စေရန်၊ စွန့်ဦး တီထွင်မှုလုပ်ငန်းများ ကောင်းမွန် စေရန်၊ လုပ်ငန်းဆောင်ရွက်မှုများ ချောမွေ့စေရန်တို့ကို ရည်ရွယ်၍ လုပ်ငန်းရှင်များကို SME Agency များနှင့်ချိတ်ဆက်ပေးခြင်း၊ SME Member Card ရရှိရေး လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး SME လုပ်ငန်းများတိုးပွားလာစေရေး၊ အလုပ် အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရေး၊ ကျေးလက်ထုတ်ကုန်များ အဆင့်မြှင့် ထုတ်လုပ်နိုင်စေ ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိတာကို တွေ့ရကြောင်း၊ ဒါ့အပြင် မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် ချေးငွေရယူပြီး လုပ်ငန်းရှင် များသို့ တစ်ဆင့်ပြန်လည် ထုတ်ချေးပေးသော JICA SME (Two StepLoan) များနှင့်ပတ်သက်၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေး ပေးခြင်းဖြင့် လုပ်ငန်းတိုးချဲ့နိုင်ရေး၊ ပြည်သူများ အလုပ် အကိုင်အခွင့် အလမ်းများရရှိနိုင်ရေးနှင့် နိုင်ငံတော်၏ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းတို့တွင် အလုံးစုံပါဝင်သည့် တိုးတက်မှုများ ပေါ်ထွန်းစေရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ပြည်တွင်း၊ ပြည်ပ ဈေးကွက်မှာ လက်လှမ်းမီစေရန် ရည်ရွယ်ချက်များဖြင့် ချေးငွေ များကို ထုတ်ချေးပေးလျက်ရှိတာကို တွေ့ရပါကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် မတ်လအတွင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ၎င်းတို့၏ လုပ်ငန်းများ တိုးချဲ့ နိုင်ရေးနှင့် ချေးငွေထုတ်ချေး ပေးနိုင်ရေး အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် သည် လက်ရှိ လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက် စေရန်နှင့် မတည်ရင်းနှီးငွေကို တိုးမြှင့်နိုင်စေရန်အတွက် ဘဏ်မှအစုရှယ်ယာ အသစ်များကို အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဝယ်ယူနိုင်ရန် အတွက် ထုတ်ဝေရောင်းချလျက်ရှိကြောင်း၊ ထို့အပြင် ဘဏ်အနေဖြင့် ချေးငွေအမျိုးအစား(၁၇)မျိုးကို ထုတ်ချေးလျှက် ရှိကြောင်းနှင့် Innovative ဖြစ်သော Baby Loan အမျိုးအစားကိုလည်း ထုတ်ချေး ပေးလျက် ရှိကြောင်း၊ နိုင်ငံတော်ရဲ့ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာမှာ နိုင်ငံပိုင်ဘဏ်များနည်းတူ ပုဂ္ဂလိက ဘဏ် တစ်ဘဏ်ဖြစ်တဲ့ အသေးစားနှင့် အလတ်စားလုပ်ငန်း များဖွံ့ဖြိုးရေးဘဏ်မှလည်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ပြောင်းလဲ လိုက်ပါစေလို ကြောင်းနှင့် နိုင်ငံ့စီးပွားရေးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ကျိုးပမ်းဆောင်ရွက် စေလိုကြောင်း ပြောကြားကာ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။

          SME- Development Bank အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှစ၍ ဘဏ် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခု မကွေးဘဏ်ခွဲသစ် အပါအဝင် နိုင်ငံတစ်ဝန်း စုစုပေါင်းဘဏ်ခွဲ (၂၆) ဘဏ် ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း