မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ငွေရတုသဘင် အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ငွေရတုသဘင် အခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၂၂

          သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် အထိမ်း အမှတ် နည်းပညာတက္ကသိုလ်(မကွေး)၏ (၂၅)နှစ်ပြည့် ငွေရတုသဘင် အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီးတို့က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် နည်းပညာတက္ကသိုလ်(မကွေး)၏ (၂၅)နှစ်ပြည့် ငွေရတုသဘင် အခမ်း အနားကို ကိတ်မုန့်လှီး၍ ဖွင်းလှစ်ခဲ့ပြီး၊ တက္ကသိုလ်လော်ဘီတွင် နည်းပညာတက္ကသိုလ်(မကွေး) (၂၅)နှစ်ပြည့် ငွေရတုသဘင် အမှတ်တံဆိပ်စာတိုင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ တို့က အမွေးနံ့သာရည်များပက်ဖျန်းပေးခဲ့သည်။

          ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် အထိမ်းအမှတ် နည်းပညာ တက္ကသိုလ်(မကွေး)၏ (၂၅)နှစ်ပြည့် ငွေရတုသဘင် အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင့်ခန်းမ၌ ကျင်းပရာ၊ ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ်သီချင်းဖြင့် စုပေါင်းသီဆို ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး သမိုင်းကြောင်းကို လေ့လာကြည့်မယ် ဆိုရင် ၁၉၂၃-၁၉၂၄ ပညာသင်နှစ်၊ ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံ၌ အင်ဂျင်နီယာပညာရေး စတင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နှစ်ပေါင်း(၁၀၀) ပြည့် မြောက်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ရာပြည့်သဘင် အခမ်းအနားကိုလည်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ Naypyitaw State Polytechnic University၊ နေပြည်တော်တွင် ဂုဏ်ယူရမ်းမြောက်စွာဖြင့် အင်ဂျင်နီယာမိသားစုဝင်များအားလုံး စည်းလုံးညီညွတ်စွာ ကျင်းပပြုလုပ်ခဲ့ ကြတာလည်း အားလုံးအသိပဲ ဖြစ်ပါကြောင်း၊ အခု ကျင်းပနေတာဆိုရင် ဒီရာပြည့်အထိမ်းအမှတ် အနေနဲ့ရော တက္ကသိုလ်ရဲ့(၂၅)နှစ်ပြည့် ငွေရတုသဘင်နဲ့ပါ တိုက်ဆိုင်နေပြီး၊ ကျောင်းသား၊ ကျောင်းသူများ အင်ဂျင်နီယာပညာရေးအပေါ် ပိုမိုစိတ်ဝင်စားမှု အားကောင်းလာစေရန် ဖျော်ဖြေမှုတွေ၊ Project Show နဲ့ Product Show တွေလည်း ထည့်သွင်းကျင်းပတဲ့အပြင် ဈေးရောင်း ပွဲတော်၊ စကားရည်လုပြိုင်ပွဲ၊ debate ပြိုင်ပွဲတွေလည်း ထည့်သွင်းထားတာ တွေ့ရကြောင်း၊ ဒီနေ့ AI ခေတ်ကြီးမှာ အင်တာနက်ကို ကောင်းစွာ အသုံးပြု တတ်ဖို့ကလည်း အရေးကြီးကြောင်း၊ နောက်ဆုံးပေါ် နည်းပညာဖွံ့ဖြိုးမှုအရွေ့ကို လက်လှမ်း မီအောင် သင်ယူတတ်မြောက်ကြဖို့ သင်ကြားပို့ချတဲ့ သင်ခန်းစာတွေကိုသာမက လေ့လာလို့ရတဲ့ နည်းလမ်းမျိုးစုံ နဲ့ သင်ယူကြဖို့ လိုအပ်သလို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတန်းပညာများ လေ့လာသင်ယူပြီး မိမိဘဝ အတွက် လိုအပ်တဲ့ ကာယ ဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ စသည့် ဗလ(၅) တန်နဲ့ ပြည့်ဝပြီး နိုင်ငံတော် အကျိုး၊ တိုင်းဒေသကြီးအကျိုး၊ မိသားစု အကျိုးနဲ့ မိမိအကျိုးကို ကောင်းစွာ သယ်ပိုးနိုင်သည့် အင်ဂျီနီယာကောင်းများဖြစ်အောင် ကြိုးစားသွား ကြစေလိုကြောင်း၊ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ သမာဓိ ဆိုတဲ့ အတိုင်း စိတ်ဓာတ် စိတ်ထား ကောင်းမွန်ကြံ့ခိုင်သော၊ စည်းကမ်းလိုက်နာ စောင့်ထိန်း တတ်သော၊ စာပေ ဗဟုသုတ ပညာရည်ထူးချွန်ထက်မြက်သော တည်ကြည်ဖြောင့်မတ် မှန်ကန်သော နိုင်ငံသားကောင်း သမီးရတနာများ ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အင်ဂျင် နီယာသမိုင်း စဉ်ဆက်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် နောင်တော် အင်ဂျင်နီယာကြီးများက ကြိုးပမ်းအားထုတ် ခဲ့ကြသလို အနာဂတ်မျိုးဆက်သစ် အင်ဂျင်နီယာများကလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဆက်လက် ကြိုးစားအားထုတ် အကောင်အထည်ဖော် ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အောက်ချင်းငှက်အကဖြင့် ဖျော်ဖြေ တင်ဆက် ခဲ့ကြပြီး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဆန်းက ပထမနှစ်ကျောင်းသားများအတွက် ကျင့်သုံးမည့် စနစ်အကြောင်း ရှင်းလင်းတင်ပြကာ၊ဌာနများအလိုက် ရွေးချယ်ထားသည့် မောင်နှင့် မယ်တို့က မြန်မာ့ ရိုးရာဝတ်စားဆင်ယဉ်မှု၊ မြန်မာဝတ်စုံဖြင့် Show ၊ ပွဲတက်ဝတ်စုံဖြင့် Show လျှောက်ခြင်းနှင့် အညာဓလေ့ယိမ်းအဖွဲ့က ဖျော်ဖြေတင်ဆက်ခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြ သည်။

          ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ အကအလှအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း