မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဖေဖော်ဝါရီ ၅

          (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးပညာရေး ဒီဂရီ ကောလိပ် ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါ ကျောင်းရှိ အားကစားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်သည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် နိုင်ငံတော်က နိုင်ငံ တကာနှင့် ရင်ဘောင်တန်းနိုင်ဖို့ ဘက်စုံထောင့်စုံကနေ ဆောင်ရွက်လျက်ရှိရာ ပညာရေး ကဏ္ဍကိုလည်း အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် ဘက်စုံထူးချွန် သောကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်ဖို့ လိုအပ်ပြီး ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်ဖို့ဆိုရင် ဆရာ၊ ဆရာမများကလည်း ဘက်စုံ ထူးချွန်တဲ့ ဆရာ၊ ဆရာမများဖြစ်ဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံသားတိုင်း၏ ကျန်းမာကြံ့ခိုင်မှု နှင့်စိတ်နေစိတ်ထားတို့ တိုက်ရိုက် အချိုးကျလျက်ရှိပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ အားကစား နည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးမှသည် နိုင်ငံတကာ အားကစားပြိုင်ပွဲ များတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ် များ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို ဦးတည်ရည်မှန်းချက်များအဖြစ် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် ပါဝင်သော လူမှုရေးဦးတည်ချက် (၃)ရပ်၌ တစ်မျိုးသားလုံး သက်ရှည် ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်သည့် ကျန်းမာရေးကဏ္ဍနှင့် အားကစား ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များ၌ “လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး" ဆိုသည့် ဦးတည် ရည်မှန်းချက်များကို ချမှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အားကစားကဏ္ဍတွင် ပြည်သူ အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ အားကစားပြိုင်ပွဲ အမျိုးမျိုးကို ရာသီအလိုက် ဖော်ဆောင်ပေး လျက်ရှိပြီး အစိုးရဝန်ကြီးဌာန အသီးသီးနှင့် တက္ကသိုလ်များ၊ ကျောင်းများတွင် အားကစားပြိုင်ပွဲ များကို အခါအားလျော်စွာ ကျင်းပစေလျက်ရှိပါကြောင်း၊ ယနေ့ အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် မောင်မယ်များအနေဖြင့် စည်းလုံးညီညွှတ်၍ သဟဇာတဖြစ်သည့် အနာဂါတ် လူ့ဘောင် အဖွဲ့ အစည်းအား ထူးချွန်ထက်မြတ်သော၊ ကျန်းမာကြံ့ခိုင်သော၊ အကျင့်စာရိတ္တ ကောင်းမွန်သော နိုင်ငံကြီးသားပီသသော၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော၊ လူကောင်း လူတော်များဖြင့်သာ ဖန်တီးဖော်ဆောင် ပေးနိုင်မည်ဖြစ်ရာ နိုင်ငံအတွက် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် မိမိကျောင်းရဲ့ ဂုဏ်ကိုဆောင်နိုင်သည့် အပြင် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သော ဘက်စုံထူးချွန်သည့် ဆရာကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူများက Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားပစ္စည်းများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

          ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မကွေး ပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ်မှ စတုတ္ထနှစ်၊ အတန်းနှစ်အလိုက် အတန်း(၅)တန်းဖြင့် ပြေးခုန်ပစ် အားကစားနည်း(၁၀)မျိုး(ကျား/မ)၊ ဘောလုံး(ကျား)၊ ဘောလီဘော(ကျား/မ)၊ ပိုက်ကျော် ခြင်း(ကျား)၊ ထုပ်စည်းတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲစသည့် အားကစားနည်းများကို ကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော်က ဖေဖော်ဝါရီလ(၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း