မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးမြို့တွင် ကျောင်းနေအရွယ် ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရ‌ ချက်ပြုတ်ကျွေးမွေး

မကွေးမြို့တွင် ကျောင်းနေအရွယ် ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့်  KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရ‌ ချက်ပြုတ်ကျွေးမွေး

မကွေး ဖေဖော်ဝါရီ ၁၄

          ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း အစီအစဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း အခြေခံ ပညာကျောင်းများတွင် ပြုလုပ်လျက်ရှိရာ၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်း အာဟာရ‌ကျွေးမွေးခြင်း(တတိယအကြိမ်)ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

          အဆိုပါ အာဟာရ ချက်ပြုတ်ကျွေးမွေးခြင်း အစီအစဉ် ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးနှင့် တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ တာဝန်ရှိ သူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

          ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန်နှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့မိသားစုများ၏ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၂)မြို့နယ်မှ ကျောင်း(၂၄၀၉)ကျောင်းတွင် KG တန်း ကျောင်းသား၊ ကျောင်းသူ(၃၅၁၅၉)ဦးအား (၂၀၂၅)ခုနှစ် ဇန်နဝါရီလတွင် (၂)ကြိမ်နှင့် ဖေဖော်ဝါရီ လတွင် (၁)ကြိမ်၊ စုစုပေါင်း (၃)ကြိမ် ကျောင်းတွင်း အာဟာရကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း