မကွေး ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ (အနားယူ) (အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်း အနားကို ဖေဖော်ဝါရီလ ၁၈ ရက် ယနေ့နံနက် ၈ နာရီက မကွေးမြို့ အောင်မြေရတနာကျောင်းတိုက်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သာသနာရေးဆိုင်ရာများ လျှောက် ထားသည်။
ဦးစွာ အခမ်းအနားကို တိုင်းဒေသကြီးသံဃာ့ဝန်ဆောင် အစည်းအဝေးသို့ ကြွရောက် တော်မူသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ (သဘာပတိ ဆရာတော်) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တဥတ္တရ က အဖွင့်သြဝါဒကထာ မြွတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ကျင်းပသော အစည်းအဝေး သည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အတွက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအခန်း(၁၁)၊ အပိုဒ်(၈၆၊ ၈၇၊ ၈၈)တို့နှင့် ယင်းလုပ်ထုံးလုပ်နည်းများအရ လက်ရှိသံဃနာယကအဖွဲ့များ အနားယူ သွားသဖြင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရန်အတွက် စီစဉ်ကျင်းပသော သံဃာ့ဝန်ဆောင် အစည်းအဝေး ဖြစ်ကြောင်းနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ၊ ဆရာတော် သံဃာတော် အရှင်သူမြတ် တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့(အနားယူ)(အစားထိုး)ရွေးချယ်ခြင်း ဆိုင်ရာ အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးသံဃနာယကအဖွဲ့မှ အနားယူမည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ဖတ်ကြားလျှောက်ထားခြင်း၊ လစ်လပ်မှုဖြစ်သော တိုင်းဒေသကြီးသံဃနာယက အဖွဲ့ဝင်များနေရာ၌ အစားထိုးရွေးချယ်မည့် ဘွဲ့အမည်စာရင်းကို တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် ဆရာတော်(၁)ပါးမှ (အဆို)တင်သွင်းခြင်း၊(ထောက်ခံမည့်)ဆရာတော်အား ပင့်ဖိတ်ခြင်း၊ တိုင်းဒေသ ကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်မှ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဆရာတော်များ၏ ဘွဲ့အမည်စာရင်း တင်သွင်းခြင်း၊ အဆိုပြု/ထောက်ခံသွားခြင်းကို ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ (သဘာပတိဆရာတော်)မှသာဓု (၃)ကြိမ်ခေါ်ဆိုစေပြီး အတည်ပြုချက်ရယူ ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားကာ၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။