မကွေး ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆေးကုသရေးအဖွဲ့သည် မြို့သစ် မြို့နယ် ကနီကျေးရွာသို့ (အခမဲ့)နယ်လှည့်ဆေးကုသခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်က ဆောင်ရွက် ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ပြည်သူများလိုအပ်သော သွားနှင့် ခံတွင်းရောဂါသည်များနှင့် မျက်စိဝေဒနာရှင်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန် အတွက် မှော်ဘီသဲဖြူတောရနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယက ဆရာတော်ကြီး "ဒေါက်တာဘဒ္ဒန္တပညာဇောတ၏ သြဝါဒကိုခံယူ၍ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများပါဝင်သော အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် အလှူရှင် အနန္တ စေတနာ ဖောင်ဒေးရှင်း မိသားစုပူးပေါင်းအဖွဲ့သည် မြို့သစ်မြို့နယ်၊ ကနီကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိ၍ အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် အထူးကုဆရာဝန်ကြီးများ၏ ဌာနအလိုက် ဆေးကုသပေး နေမှုများ၊ ဆေးကုသရန် လာရောက်သည့် ပြည်သူများအား ရင်းရင်းနှင့်နှီးတွေ့ဆုံ၍ နှုတ်ဆက် အားပေး စကားများ ပြောကြားသည်။
အဆိုပါ အခမဲ့ကွင်းဆင်းဆေးကုသမှုခရီးစဉ်တွင် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးအဖွဲ့သည် မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် အတူ သွားနှင့် ခံတွင်းရောဂါသည်များနှင့် မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပြီး၊ ခွဲစိတ်မှုခံယူရန်လိုအပ်သည့် အတွင်းတိမ်၊ ရေတိမ်စသည့် မျက်စိဝေဒနာရှင် (၃၀၀)ဦးခန့်ကို မကွေးတိုင်းဆေးရုံကြီး၊ မင်းဘူးမျက်စိအထူးကု ဆေးရုံ၊ မကွေးမြို့သင်ကြားရေး ဆေးရုံကြီးတို့တွင် ဆေးကုသမှုပေးနိုင်ရန် စနစ်တကျလွှဲပြောင်းပေးကာ၊ မတ်လ (၃)ရက်နေ့မှ (၁၂) ရက်နေ့အထိ အလှည့်ကျ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးကျန်းမာရေးဦးစီး ဌာနမှူး ထံမှ သိရသည်။