မကွေး မတ် ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၆၃) နှစ်မြောက် တောင်သူ လယ်သမားနေ့ အခမ်းအနားကို မတ်လ ၂ ရက် ယနေ့နံနက် ၈ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ကြီးမှူးကျင်းပပြုလုပ်သည့် (၆၃) နှစ်မြောက် တောင်သူ လယ်သမားနေ့ အခမ်းအနား မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွတ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် ထူးချွန်ဆုရတောင်သူကြီး(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး (၆၃)နှစ် မြောက်တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားတွင်ပါဝင်ခဲ့သည့် ဘင်ခရာ၊ ပန်းပွား အဖွဲ့များအား ဂုတ်ပြု ချီးမြှင့်ငွေများပေးအပ်ကာ၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် မြို့တော်ခန်းမအတွင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို ပေးပိုသည့် သဝဏ်လွှာအား ဖတ်ကြား ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ထူးချွန်ဆု ရရှိသည့် တောင်သူကြီးများ၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့သည့် ထူးချွန်ခရိုင်၊ မြို့နယ်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအား Video Clip ပြသခဲ့ပြီး၊ ပညာရေးဒီဂရီကောလိပ်ယိမ်းအဖွဲ့က တိုးတက်အလှေ၀ ကျေးလက်မြေ ကျေးလက်အကဖြင့် ဖျော်ဖြေတင်ဆက်ကာ၊ ဖျော်ဖြေရေး ယိမ်းအဖွဲ့အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေး၊ ရေရရှိရေး၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ကဏ္ဍဆိုင်ရာ အုပ်စုဖွဲ့ဆွေးနွေးခြင်း(Group Discussion)ဆောင်ရွက်ကာ၊ တိုင်းဒေကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူတို့က တောင်သူအသိပညာပေး ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည် ကြည်ရှု အားပေးသည်။
အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေရရှိရေး၊ သမဝါယမနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးကဏ္ဍ ဆိုင်ရာ အုပ်စုဖွဲ့ဆွေးနွေးခြင်း(Group Discussion)မှ ပေါ်ထွက် လာသော ဆွေးနွေးချက်များအား သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသူတောင်သူကြီးများအား တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများ ရည်ရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာယ၊ ဉာဏ၊ လုံးလဝီရိယ၊ ခေတ်မီနည်းပညာ၊ မြေ၊ ရေ စသည့် အရင်းအမြစ်များ အားလုံးကို ပေါင်းစပ်၍ မျှော်မှန်း ထားရှိသည့် ရလဒ်များရရှိနိုင်ရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားဆောင်ရွက် ခဲ့ကြောင်း သိရသည်။