မကွေး မတ် ၁၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် တိုင်းဒေသကြီး နွေရာသီ အခြေခံ အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီက တိုင်းဒေသကြီးအားကစားကွင်း ဖူဆယ်အားကစားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယက နှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ လူငယ်မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနဲ့ နိုင်ငံတကာတွင် အောင်မြင်မှု ရရှိစေရန်အတွက် ဇွဲ၊ လုံလ၊ ဝီရိယ၊ အားမာန် အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာ ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ အနေဖြင့် နွေရာသီ အားလပ်ရက်ကို အကျိုးရှိရှိ အသုံးချတတ်စေရေး၊ အခြေခံအားကစားနည်း တစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော အားကစား သမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရေး၊ ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ဖွံ့ဖြိုးမှု ကောင်းကျိုးများ ရရှိလာနိုင်စေရေး၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရေး၊ တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး စသည့် မြင့်မားတဲ့ရည်ရွယ်ချက်များနဲ့ ယခုသင်တန်းကို ဖွင့်လှစ် သင်ကြားခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ခရိုင်ပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံ အားက စားပြိုင်ပွဲများကို အားကစားပြက္ခဒိန်များ ရေးဆွဲပြီး ကျင်းပပြုလုပ်နေသည့်အတွက် အားကစားကို ချစ်မြတ်နိုးသော လူငယ်မောင်မယ်များအနေဖြင့် ယခုလိုသင်တန်းများမှ သင်ယူတတ်မြောက် ထားသော အားကစား စွမ်းရည်များကို ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ပြသခွင့်ရရှိမှာ ဖြစ်ပါကြောင်း၊ အားကစား နှင့်ပညာရေးကို ပေါင်းစပ်ပြီး သင်ကြားလိုသည့် ကျောင်းသား/ ကျောင်းသူ များအတွက် Grade - 8 မှ Grade - 12 ထိ ကျောင်းအိပ်ကျောင်းစားဖြင့် စာသင်မပျက် အားကစားပါ လေ့ကျင့်သင်ကြားပေးသော အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) (မန္တလေး) (တောင်ကြီး) (မော်လမြိုင်) (မုံရွာ) (လွိုင်ကော်) နဲ့ (စစ်တွေ) ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည့် အတွက် ဆက်လက်သင်ကြားလိုပါက တက်ရောက် သင်ကြားနိုင်မှာဖြစ်ပြီး အရည်အချင်း ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာမှာ ဖြစ်ပါကြောင်း၊ ယခုလို နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသည့်အတွက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာမှာ ဖြစ်သလို နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် လက်ရွေး စင် အားကစား သမားများလည်း ပေါ်ထွက်လာမှာ ဖြစ်ပါကြောင်း၊ ယခု နီပေါနိုင်ငံတွင် ကျင်းပခဲ့သည့် လေးနိုင်ငံ ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည့် အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်း တွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည့် မကွေးတိုင်းဒေသကြီးမှ ဇွန်ယုယဦး ကျောနံပါတ် (၁၄) နဲ့ ယွန်းဝတီလှိုင် ကျောနံပါတ် (၂၁) တို့ဟာ ဒီလို နွေရာသီ သင်တန်းတွေက တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းပြီး လက်ရွေးစင် ကစားသမားများအဖြစ် တက်လှမ်းနိုင်ခဲ့တာဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းများတွင် အားကစားနည်းအလိုက် အောင်မြင်မှုများ ရရှိခဲ့သည့် အားကစားသမားများ/ နည်းပြများမှ အခြေခံကျသည့် နည်းစနစ်များ အလိုက် ကျွမ်းကျင်စွာ လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူ များအနေဖြင့် နည်းပြဆရာ များ၏ သင်ကြားပေးမှုအပေါ် ယုံကြည်မှုရှိစွာနဲ့ အကောင်းဆုံး ကြိုးစားသင်ယူကြစေလိုကြောင်းနှင့် သင်တန်းက ရရှိလာမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစား ပညာရပ်များကို ဆက်လက်လေ့လာ လိုက်စားကြပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားကာ၊ ၂၀၂၅ ခုနှစ်၊ နွေရာသီ အခြေခံ အားကစား သင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် သင်တန်းသားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်း ဆောင်ရွက်ခဲ့ပြီး၊ နွေရာသီ အခြေခံအားကစားသင်တန်းတွင် သင်ကြားမည့် အားကစားနည်းများမှ သက်ဆိုင်ရာ အားကစားနည်းအလိုက် သရုပ်ပြသကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သရုပ်ပြအဖွဲ့ များအား ဂုဏ်ပြုဆု ချီးမြှင့်ငွေများနှင့် သင်တန်းသားများအား သင်တန်းဝတ်စုံများနှင့် သင်ထောက်ကူ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ နွေရာသီ အခြေခံ အားကစားသင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ Physical Fitness Dance & အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ တင်းနစ်၊ လက်ဝှေ့နှင့် ကရာတေးဒို စသည့် of အားကစားနည်း (၁၅) မျိုးကို သင်တန်းနည်းပြများက စနစ်တကျ လေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။