မကွေး မတ် ၁၀
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ကြာချည်ကို အသုံးပြု၍ ကြာချည်(အတိုင်)ကျစ် နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင် တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက် ကာ ပိုကုန်ကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်နေတာ ဖြစ်ပါကြောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေး နှစ်မှာ မကွေးတိုင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် One Region One Product အဖြစ် ချည်ထည်လုပ်ငန်း တိုးတက်ရေးအတွက် မင်းလှမြိုနယ်၊ သဖန်းချောင်း ကျေးရွာမှာ သဘာဝဆိုးဆေးသင်တန်း၊ ဓါတုဆိုးဆေးသင်တန်း၊ အထည်ဆေးရေးနည်းနှင့် ပန်းပုံရိုက် အခြေခံသင်တန်း၊ လက်ရက်ကန်းသင်တန်းများ သင်တန်းပိုချပြီး သင်တန်းသား(၁)ဦးလျှင် ရက်ကန်း စင်(၁)စင်နှင့် ဆက်စပ်ပစ္စည်း များထောက်ပံ့၍ ချည်ထည်လုပ်ငန်းရှင် (၁၀)ဦးကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒီကနေ့မှာတော့ မကွေးတိုင်းဒေသကြီး စလင်းမြိုနယ် ဝက်သည်းကန်အနီးရှိ ရှမ်းရွာကုန်းကျေးရွာမှ ကျေးရွာသူများကို ဝက်သည်းကန်မှ ရရှိသော ကြာရိုးမှ ကြာမျှင်၊ ကြာမျှင်မှ ကြာချည်တိုကို အသုံးပြု၍ တန်ဖိုးမြှင့် ဈေးကွက်ဝင် အထည်များ ရက်လုပ်နိုင်အောင် ကြာချည် (အတိုင်)ကျစ် နည်းပညာသင်တန်းကို ဌာနမှ ပိုချပေးခြင်းဖြစ်ပါကြောင်း၊ ယခင်က ကြာပုဝါ ရက် လုပ်ရန် အဖောက်ချည် အတွက်သာ ရက်နိုင်ပြီး ဒီကနေ့ သင်တန်းမှာတော့ သင်တန်းသူများအား အတိုင်ကျစ်နည်းစနစ်ကို သင်ကြားပိုချပေးတာ ဖြစ်တဲ့ အတွက် အတိုင်ချည်ရော အဖောက်ချည်ပါ ပြုလုပ်တတ်ပြီး ကြာပုဝါ တစ်ထည်လုံးကို ရက်ခတ်နိုင်တော့ မှာ ဖြစ်ပြီး ထိုမှတဆင့် ကြာသင်္ကန်း ကြာချည်ထည် အမျိုးမျိုး ရတ်ခတ်နိုင်တော့မှာ ဖြစ်ကြောင်း၊ သင်တန်းသူများကို အတိုင်ကျစ်နည်း နည်းပညာကို ပိုချပေးခဲ့တဲ့အပြင် ကြာချည်ရက်လုပ်ရာမှာ အသုံး ပြုတဲ့ လုပ်ငန်းသုံးပစ္စည်းများကို လည်း ထောက်ပံ့ပေးပြီး လုပ်ငန်းထူထောင် ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် နည်းပညာများရရှိပြီး လုပ်ငန်းသုံးပစ္စည်းများဖြစ်တဲ့ ကြာကျစ်ခုံ၊ ရက်ဖောက် ခုံ၊ ချည်ချခုံများကို ထောက်ပံ့တာဖြစ်တဲ့အတွက် ကြာချည်လုပ်ငန်းကို မဖြစ်မနေ ကြိုးစားဆောင်ရွက် ရန်လိုပါကြောင်း၊ ရက်ကန်းအခြေခံ တတ်မြောက်ပြီး သင်တန်းသူများအနေနဲ့ ကြာချည် ပုဝါများကို ကိုယ်တိုင်ရက်လုပ် နိုင်မှာဖြစ်ပြီး ရက်ကန်း မတတ်မြောက်သေးသည့် သင်တန်းသူများသည်လည်း ကြာချည်အကြမ်း များမှတစ်ဆင့် ကြာချည်အချော များဖြစ်တဲ့အထိ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ ဒေသထွက် ကုန်ကြမ်းဖြစ်သော ကြာကိုအခြေခံ၍ ကြာချည်ထုတ်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် ထုတ်လုပ်နိုင်ပြီး ဈေးကွက်ဝင် ကြာချည်ထည်များ ထုတ်လုပ်နိုင်ရေး အကောင် အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ကြာချည်ကို အသုံးပြု၍ ကြာချည် (အတိုင်) ကျစ် နည်းပညာသင်တန်းများ ဖွင့်လှစ် ပိုချခြင်း၊ လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ ပေးပြီးဖြစ်တဲ့အတွက် လုပ်ငန်းထူထောင် လာနိုင်ခြင်း၊ ကြာချည်များပိုမိုထွက်ရှိခြင်း၊ မိမိ မိသားစုအား လက်ဆင့်ကမ်းနိုင်ခြင်း၊ မိမိရွာတွင်သာမက ပတ်ဝန်းကျင်ရှိ စိတ်ပါဝင်စားသူများကို ပညာရပ်များ လက်ဆင့်ကမ်းပေးပြီး မြန်မာ့ရက်ကန်း လုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်အောင် ဆောင်ရွက် ပြီး မကွေးတိုင်းဒေသကြီးရှိ ချည်ထည်လုပ်ငန်းများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ထိုနောက် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က ကြာချည်သင်တန်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေ သကြီးဝန်ကြီးချုပ်နှင့် အဖွဲဝင်ဝန်ကြီးများက သင်တန်းသူများအား ကြာကျစ်ခုံနှင့် ဆက်စပ် ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ကြာချည်လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ကြာကျစ်ခုံ ၊ ရက်ဖောက်ခုံ၊ ချည်ချခုံများဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုကို အားပေးကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းအား မကွေးတိုင်းဒေသကြီး၊ စလင်းမြိုနယ်အတွင်းရှိ သင်တန်းသူ (၁၀)ဦးအား သင်တန်းနည်းပြများက မတ်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ တစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပိုချပေးခဲ့ကြောင်း သိရသည်။