မကွေး မတ် ၁၁
၂ဝ၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူမိဘပြည်သူများ၊ ဖိတ်ကြားထား သူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက် ကတော့ စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးတွေ ပြည့်ပြည့်ဝဝရရှိစေဖို့နဲ့ လိုက်နာရမယ့် တာဝန်တွေ သိရှိစေဖို့၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာတွေ တိုးပွားစေဖို့၊ စားသုံးသူများ စွမ်းဆောင်ရည်မြင့်မားစေဖို့၊ မျှတမှုရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဝန်းကျင်ကောင်းတစ်ခုရရှိစေဖို့နဲ့ စားသုံးသူတွေရဲ့ အခန်းကဏ္ဍ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ အာဆီယံ စားသုံးသူ ကာကွယ်ရေး မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)အရ စားသုံးသူကာကွယ်ရေး ဆိုင်ရာဥပဒေ တွန်းအားပေး ဆောင်ရွက်သော လုပ်ငန်းများနှင့် အသိပညာပေး လုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူများ၏ စွမ်းဆောင်နိုင်မှုအဆင့် အတန်းကို လေ့လာအကဲဖြတ် တိုင်းတာနိုင်ရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာများကို ချမှတ်ရာတွင် အထောက်အကူဖြစ်စေရေး ရည်ရွယ်၍နှစ်စဉ် အာဆီယံ စားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်း (ASEAN Consumer Empowerment Index- ACEI) ကောက်ယူခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီအနေဖြင့် နိုင်ငံအဆင့်နှစ်စဉ် စားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများကို ကောက်ယူလျက်ရှိ ပါကြောင်း၊ “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” အခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပပြုလုပ် လျှက်ရှိရာ ယနေ့ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့ တွင်ကျင်းပမည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ အထိမ်းအမှတ် အခမ်းအနားရဲ့ ဆောင်ပုဒ်ကတော့ “လူနေမှုဘဝအစဉ် တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့” (A Just Transition to Sustainable Lifestyles) ပဲဖြစ်ပါကြောင်း၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စားသုံးသူ ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဆက်စပ် ဌာနများ၊ စားသုံးသူ အသင်းအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ကုန်စည်/ဝန်ဆောင်မှုတွေမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ရေရှည် တည်တံ့ခိုင်မြဲသော စားသုံးမှုဓလေ့ များ ဖြစ်ပေါ်လာစေပြီး အနာဂတ်ကာလမှာလည်း ဝန်းကျင်ကောင်း တစ်ခုကို ပုံဖော်ဆောင်ရွက် နိုင်မှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ဖြစ်ပေါ်လာပုံနှင့် " လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့ " ဟူသော ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅)ရက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip ပြသခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ပြခန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။