မကွေး မတ် ၁၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (မကွေး)တို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် ဂဟေဆက်သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆပ်ကော်မတီတာဝန်ရှိ သူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ပြည်ထောင်စုအင်အား တေးသီ ချင်းဖြင့် ကပြဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်၍ အဖွဲ့ဝင်(၁၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းစီမံချက်များကို အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်း ဆပ်ကော်မတီ(၈)ရပ် ဖွဲ့စည်းပေးပြီး တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာလုပ်ငန်း ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် လူငယ်လူရွယ်များအား အသက်မွေးဝမ်းကျောင်း ပညာ သင်တန်းများပေးခြင်းဆိုတဲ့ တာဝန်ကို မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)တို့ပူးပေါင်းပြီး အိမ်တွင်းလျှပ်စစ်သွယ်တန်း ခြင်းသင်တန်းနှင့် ဂဟေဆက်သင်တန်းတို့ကို စတုတ္ထအကြိမ်မြောက်ထိအောင် အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့တဲ့အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊နိုင်ငံတစ်နိုင်ငံ၏ ကလေးအလုပ်သမား ပမာဏသည် ယင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်အကျိုးသက်ရောက်မှုရှိကြောင်း၊ ယေဘုယျ အားဖြင့် ကလေးအလုပ်သမားအများ စုသည် ပညာရေးအဆင့်နိမ့်ကျသည့်သူများဖြစ်ပြီး အသိဉာဏ် ပညာနည်းသောကြောင့် အရွယ်မရောက်မီ အိမ်ထောင်ပြုတတ်ကြကာ ကလေးလည်း များများမွေး တတ်ကြကြောင်း၊ ၎င်းတို့မွေးလာသော ကလေးများကိုလည်း ပညာသင်ကြားတတ်မြောက်ရေးကို အားပေးလေ့မရှိဘဲ ထိုကလေးများသည်လည်း ၎င်းတို့ကဲ့သို့ပင် ကလေးအလုပ်သမားများအဖြစ် ရောက်ရှိ သွားလေ့ရှိပြီး၊ ဤနည်းအားဖြင့် ဆင်းရဲနွမ်းပါးမှုသံသရာ(Poverty Cycle) လည်ပတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက်မှုများစွာ တွေ့ရှိနေရတာဖြစ်ကြောင်း၊ ဒါကြောင့် ကလေးအလုပ်သမားပပျောက်ရေးကိစ္စရပ်သည် နိုင်ငံတိုင်း၏ အလေးထား ဖြေရှင်းရမည့် ကိစ္စ တစ်ရပ်ဖြစ်လာသည်ကို တွေ့ရှိရ၍ မကွေးတိုင်းဒေသကြီး အတွင်းရှိ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းကော်မတီအနေဖြင့် ယခုလို သင်တန်းကျောင်းများနှင့် ပေါင်းစပ်ပြီး ကလေး အလုပ်သမားများအား နည်းပညာနှင့် သက်မွေးပညာရပ် သင်ကြားပို့ချ ပေးတာဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အစိုးရနည်းပညာအထက်တန်း ကျောင်း(မကွေး)မှာ လူငယ်လူရွယ် များအား နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ကြားပေးသည့် ကာလတိုသက်မွေးပညာသင် တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ဒေသတွင်း လူ့စွမ်းအား အရင်းအမြစ်များကို သင်ယူနိုင်မှု အခွင့်အလမ်း များ ပိုမိုရရှိနိုင်လာနိုင်စေခြင်း၊ ပေါ်ပေါက်လာသည့် အလုပ်အကိုင်အခွင့်အလမ်းများ အလိုက် လူငယ်၊ လူရွယ်များအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေခြင်း၊ အနာဂတ် လုပ်သား ဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်း ပေးနိုင်ခြင်းနှင့် လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးလာပြီး တစ်ဦးချင်းဝင်ငွေ ပိုမိုမြင့်မားလာစေမှာ ဖြစ်ပါကြောင်း ကာလတိုသက်မွေးပညာ သင်တန်းများကနေ လူငယ်တွေအနေနဲ့ အလွန်တန်ဖိုးရှိတဲ့ အခွင့်အရေးများ ရရှိနိုင်တဲ့အတွက် လက်လွတ်မခံကြဖို့၊ သင်တန်းများက သင်ကြားပေးလိုက်တဲ့ အခြေခံစာတွေ့၊ လက်တွေ့သင်ခန်းစာတွေကို လက်တွေ့ လုပ်ငန်းနယ်ပယ်မှာ အသုံးချနိုင်ကြဖို့ တိုက်တွန်းပြောကြား လိုကြောင်း၊ Life Long Learning ဆိုတဲ့ အတိုင်း ဒီလိုကျွမ်းကျင်မှု သင်တန်းတွေကို တစ်ခုပြီးတစ်ခု တက်ရောက်ပြီး ပိုမိုကျွမ်းကျင် တတ်မြောက်အောင်ကြိုးစားပြီး မိမိတို့ဒေသ တိုးတက်ဖို့ ဆောင်ရွက် ကြပါလို့ ပြောကြားလိုကြောင်း နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)အနေနဲ့လည်း မကွေးတိုင်းဒေသကြီးအတွင်း အထူးလိုအပ်လျက်ရှိတဲ့ MSME လုပ်ငန်းများအတွက် ကျွမ်းကျင် လုပ်သားတွေကို ဆက်လက် ပြုစုပျိုးထောင်ပေးရင်း မိမိတို့ကျရာတာဝန်ကနေ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြပြီး၊ ဆက်လက်တိုးတက် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)ကျောင်းအုပ်ကြီး ဦးခင်မောင် ညွန့်က ကာလတိုသင်တန်းဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ သင်တန်းတက်ရောက် ခဲ့သော သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူတို့က သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများက နှလုံးသားထဲကကျောင်းတော်ရာ၊ ယောင်ပေစူး စသည့်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။