မကွေး မတ် ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မတ် ၁၅ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့် ပြည်သူများအား သွားရောက် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်န်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုန်းဇလဲကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာတွင်း မီးလောင် ပျက်စီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မုန်းဇလဲ ကျေးရွာ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီမီးဘေးရှောင်စခန်းတွင် မီးဘေးသင့်ပြည်သူ ၁၄၄၅ ဦးအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ၊ မီးဘေးသင့် ပြည်သူများ၏ တင်ပြချက်များအပေါ် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ဆက်စပ် ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က မုန်းဇလဲကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၃၇၂ စု ၊ လူဦးရေ ၁၄၄၅ ဦးတို့အတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ထောက်ပံ့ငွေ ၊ ဆန် ၊ ဆီ ၊ ကုလားပဲ ၊ အဝတ်အထည် ကယ်ဆယ်ရေး ပစ္စည်းများနှင့် သောက်ရေသန့် ဗူးများကို မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ အဖွဲ့ သည် မုန်းဇလဲကျေးရွာ ရတနာမဂ္ဂင် မိုးကုတ်ဓမ္မရိပ်သာ(မြောင်းဘောင်)ကျောင်းတိုက်သို့ ရောက်ရှိပြီး၊ ကျေးရွာရှိ ဘုန်တော်ကြီး ကျောင်း(၄) ကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးများအား ဦးခိုက်ဖူးမြော်ကြည်ညို၍ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀ ၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု ၃၇၂ စု ၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကာ ဌာနဆိုင်ရာ တာဝန်ရှိသူ များက မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဘုန်းတော်ကြီး ကျောင်း(၃) ကျောင်းတွင် ယာယီ မီးဘေးရှောင်စခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒေသတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ ၊ ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များက မိမိတို့ တတ်အားသရွေ့ အလှူငွေများ ၊ အခြေခံစားသောက်ကုန်ပစ္စည်းများ ၊ အဝတ်အထည်များနှင့် အိမ်အသုံး အဆောင်ပစ္စည်းများကို လာရောက်ကူညီထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။