မကွေး မတ် ၁၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မတ်လ(၁၇)ရက် ယနေ့နံနက်ပိုင်းတွင် စတင်ဖြေဆိုနေပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အမှတ်(၁)အမှတ်(၃)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ အဆိုပါကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင် စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ ဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်း သာ၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ အပြည့် အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြု ဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် မှာကြားသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇) ရက်နှေ့ မတ်လ(၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း စာဖြေဌာနပေါင်း (၄၉)ခုတွင် ယနေ့ မတ်လ (၁၇)ရက်နေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုသူ(၁၇၈၆၁) ဦး ဝင်ရောက်ဖြေဆိုကာ၊ ဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် (၉၆.၀၃) ရာခိုင်နှုန်းဖြစ်ကြောင်း မကွေးတိုင်းဒေသ ကြီးပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရပြီး၊ တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဖြေဆို နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စီစဉ်ဆောင်ရွက်ထားရှိပြီး၊ စာမေးပွဲဖြေဆိုနေချိန် အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် အပြင်စည်းလုံခြုံရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စာဖြေ ဌာနအသီးသီးတွင် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုစဉ် ထူးခြားမှု မရှိ အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။