မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း)ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း)ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး မတ် ၁၇

          မကွေးတိုင်းဒေသကြီး သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၇ ရက် ယနေ့နံနက် ၁၀ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်ရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သမဝါယမဦးစီးဌာန အဆင့်ဆင့်ရှိ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများနှင့် သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ကြသည့်အခါ စာရင်းရေးသွင်းခြင်း၊ စာရင်းကိုင်ခြင်းနှင့် သမဝါယမအသင်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော စာရင်းရေးသွင်းပုံ၊ ရေးသွင်းနည်းနှင့် စာရင်းထိန်းသိမ်းမှုများအား နားလည်သဘောပေါက်စေရန်၊ သမဝါယမအသင်းအဆင့်ဆင့်တွင် ထားရှိရမည့် စာရင်းဇယားများနှင့် ၎င်းတို့၏ ဆောင်ရွက်ချက်များသည် ညွှန်ကြားထားသော သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးတတ်စေရန်နှင့် ကြီးကြပ် ဆောင်ရွက်တတ်စေရန်၊ ခေတ်မီ စီမံခန့်ခွဲမှုဆိုင်ရာနည်းလမ်းများ နားလည်တတ်ကျွမ်းပြီး လုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းရည် ပိုမိုမြင့်မားလာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ် တဲ့ဌာနတွင်းသင်တန်းဟာဆိုရင် (၄၈)ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်တယ်လို့လည်းသိရပြီး ၊ ဌာနတွင်း ဝန်ထမ်း(၁၇၂၉)ဦးကို စာရင်းရေး စာရင်းကိုင်ပညာ သင်ကြားပို့ချပြီး ဖြစ်တယ်လို့ သိရကြောင်း၊ သင်ကြားပို့ချမယ့်ဘာသာရပ်များက သမဝါယမဝန်ထမ်းများ မဖြစ်မနေ တတ်ကျွမ်းရမည့် စာရင်းရေး စာရင်းကိုင်ဘာသာ၊ သမဝါယမစာရင်းကိုင်ဘာသာနှင့် စာရင်းစစ်ဆေးခြင်း ဘာသာရပ်များကို အဓိက ပို့ချပေးမည်ဖြစ်ပြီး ဥပဒေအသိပညာကို သင်တန်းသားများသိရှိနားလည်ရန် (၃)ချိန်ထည့်သွင်း ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား စားသောက်စရိတ်ကို သင်တန်း သားတစ်ဦးကို တစ်ရက် လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့် တိုင်းဒေသကြီးဘတ်ဂျက်မှ ကျခံသုံးစွဲသွားမည်ဖြစ်၍ နိုင်ငံတော်မှ ထောက်ပံ့မှုကိုလည်း အလေးထားဆောင်ရွက်စေလိုကြောင်း၊ သမဝါယမဝန်ထမ်းများသည် သမဝါယမအသင်းများ၏ စာရင်းများကို စာရင်းစစ်ဆေးခြင်းဖြင့် သမဝါယမလုပ်ငန်းများ အောင်မြင် အောင်ထိန်းကျောင်း တည့်မတ်ပေးရသူများဖြစ်၍ သင်တန်းကပို့ချသင်ကြားသည့် ဘာသာရပ်များကို ကြိုးကြိုးစားစားနှင့် ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် သင်ယူလေ့လာမှတ်သာပြီး လက်တွေ့ လုပ်ငန်း ခွင်မှာ ပြန်လည်အသုံးချနိုင်အောင် သင်ယူကြဖို့ တိုက်တွန်းပြောကြားလိုကြောင်းနှင့် ဆရာ/ ဆရာမ များအနေဖြင့်လည်း သင်တန်းသားများအပေါ် မိမိတို့၏ ပညာရပ်ဆိုင်ရာ အတွေ့အကြုံ ဗဟုသုတ များကို ဝေငှပေးကာ၊ သမဝါယမ စီးပွားရေးအတတ်ပညာအား ကျွမ်းကျင် ပိုင်နိုင်တဲ့ သင်တန်းသား/ သူများ၊ ဌာနအကျိုးပြု ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့် သင်ကြားပေးကြရန် ပြောကြား သည်။

          ဆက်လက်၍ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး၊ သင်တန်းဖွင့်လျှစ်ပို့ချ မှုကို စတင်ဆောင်ရွက်ခဲ့သည်။

          အဆိုပါ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကို (၁၇-၃-၂၀၂၅)ရက်နေ့မှ (၃၁-၃-၂၀၂၅) ရက်နေ့ထိ ဖွင့်လှစ်မှာဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၇)မြို့နယ်ရှိ သမဝါယမဦးစီး ဌာနအဆင့်ဆင့်မှ ဌာနခွဲစာရေး(၁၀)ဦး၊ အကြီးတန်းစာရေး(၁)ဦးနှင့် အငယ်တန်းစာရေး (၂၉)ဦး၊ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း