မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဥစားကြက်မွေးမြူရေးနှင့် တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဥစားကြက်မွေးမြူရေးနှင့် တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်

မကွေး မတ်   ၁၈

          မကွေးတိုင်းဒေသကြီး ဥစားကြက် မွေးမြူရေးနှင့် တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက် လာစေရေးဆိုင်ရာ အစည်းအဝေးကို မတ်လ ၁၈ ရက် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်း/ခရိုင်/ မြို့နယ်အဆင့်အကြီးအကဲများ၊ အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော မွေးမြူရေး လုပ်ငန်းရှင်များ တက်ရောက်သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံပိုလျှံစေရေးနှင့် သာယာဝပြောရေးအတွက် ဆောင်ရွက်လျှက်ရှိရာ မွေးမြူရေးကဏ္ဍတွင် အသား၊ နို့၊ ဥ ပိုမိုထုတ်လုပ်လာစေနိုင်ရေးအတွက် လိုအပ်တဲ့ အထောက်အပံ့၊ အကူအညီများ ဆောင်ရွက်ပေးလျှက်ရှိပြီး၊ အဲဒီလို ဆောင်ရွက်ပေးတဲ့ နေရာမှာ အသားထုတ်လုပ်မှုအနေနဲ့ ဒေသတွင်း ကြက်သားစားသုံးမှု ဖူလုံပိုလျှံလာစေရေးအတွက် ကျေးလက်နေ ပြည်သူများ၏ တစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူရေးလုပ်ငန်း၊ အသေးစားနှင့် အလတ်စား အသားတိုးကြက်နှင့် ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ ဆောင်ရွက်ပေးလျှက်ရှိသလို ကြက်ဥပိုမိုစားသုံးလာနိုင်ရန် ဒေသအတွင်း ဥစားကြက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး အဖက်ဖက်မှ ထောက်ပံ့ကူညီအားပေး ဆောင်ရွက်လျှက်ရှိ ပါကြောင်း၊ ဒေသကြက်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဒေသကြက်မွေးမြူသူများ တွေ့ဆုံစေ၍ မွေးမြူရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးစေခြင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုများအား တင်ပြစေခြင်း၊ စီးပွား ဖြစ်မွေးမြူလာသည်အထိ ကြပ်မတ်ဆောင်ရွက်စေခြင်း၊ ဒေသကြက် အနည်းဆုံးထောင်နှင့်ချီ၍ မွေးမြူသည့် လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရေးအတွက် သက်ဆိုင်ရာဌာနများ စည်းရုံးပေါင်းစပ် ကြပ်မတ်ဆောင်ရွက်သွားစေ ခြင်းများ ဆောင်ရွက်စေခဲ့ကြောင်း၊ ဒါ့အပြင် ဥစားကြက်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောင်လံမြို့နယ်ရှိ ရပ်ကွက်လူနေအိမ်များအနီး တစ်နိုင်တစ်ပိုင် ဥစားကြက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား တွေ့ဆုံ၍ စနစ်တကျ ပိုမိုမွေးမြူ လာစေရေးအတွက် စည်းရုံးဟောပြောခဲ့ရာ မကြာမီ လာမည့်လအတွင်း ဥစားကြက်မွေးမြူရေးဇုန် အားဖွင့်လှစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ထို့အတူ တောင်တွင်း ကြီးမြို့နယ်ရှိ ဥစားကြက်(၁၀၀၀၀) မွေးမြူထားသည့် ဒေါက်တာကျော်ဇင်ထွန်း၏ မွေးမြူရေးခြံသို့ လည်းသွားရောက် ကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်သည့် အထောက်အပံ့ အကူအညီ များရရှိရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ဥစားကြက်မွေးမြူရေး ဇုန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအား မြေနေရာဖော် ထုတ်စေပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် ယခုအခါ မကွေးမြို့ နယ်၏ တောင်ဘက် (၁၁)မိုင်ခန့်အကွာ ရှားပင်လှ ကျေးရွာအုပ်စုအတွင်း “ တိုင်းမိုးဝေ စိုက်ပျိုးထုတ် လုပ်ရေး သမဝါယမအသင်း” လုပ်ပိုင်ခွင့်ရရှိထားသည့် မြေဧက(၅၀)ခန့်အား ဒေသအတွက် အကျိုးရှိနိုင်မည့် ဥစားကြက်မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကြက်ဥ၊ ကြက်သားလိုအပ်ချက်ရှိသည်များကို ဖြည့်ဆည်းနိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းရှင်များမှ ဌာနနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီ ဆောင်ရွက် ပေးခြင်ဖြင့် အပြန်အလှန် အမှီသဟဲပြုပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဆိုပါက ဒေသတွင်း ဥစားကြက်နှင့် တိုင်းရင်း ကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာကာ စားရေ ရိက္ခာအတွက် ဖူလုံမှုရှိလာသည့်အပြင် ပိုလျှံသည်များကိုလည်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့ရောင်းချ လာနိုင်သည့်အဆင့် အထိ ရောက်ရှိလာနိုင်မည်ဖြစ်ပါကြောင်းနှင့် မွေးမြူသူများအနေဖြင့် စိတ်ရောကိုယ်ပါ အားထည့် ဆောင်ရွက်စေလိုပြီး ဌာနအနေဖြင့်လည်း မွေးမြူရေးဆိုင်ရာ လိုအပ်သည့် အသိပညာ ၊ အတက် ပညာ၊ နည်းပညာများကိုလည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လည်း လိုအပ်သည့်အကူအညီများကို ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် ကြက်မွေး မြူရေး လုပ်ငန်းကို တိုးတက်အောင်မြင်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြား သည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးမိုးမင်းသိန်းက ဥစားကြက်မွေးမြူရေးနှင့် တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရေး ဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခြင်းနှင့် တက်ရောက်လာ သူများ၏ အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥစားကြက်မွေးမြူရေးနှင့် တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ၊ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း