မကွေး မတ် ၂၄
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ အောင်မြေရတနာကျောင်းတိုက်၌ ကျင်းပပြုလုပ်သော အစိုးရဓမ္မာစရိယ စာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲများနှင့် ပတ်သက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဆရာတော် ကြီးများ အမှူးပြုသော ဆရာတော်များထံမှ ဩဝါဒခံယူကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာ ရေးဆိုင်ရာများ လျှောက်ထားသည်။
ဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူသော တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဧည့်ပရိသတ်အပေါင်းတို့က နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ မကွေးမြို့၊ အောင်မြေရတနာ ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမန ဆရာတော်နှင့် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဒု-ဥက္ကဋ္ဌ ဆရာတော် ပခုက္ကူမြို့၊ မဟာဝိဇယာရာမကျောင်းတိုက်၊ ဘဒ္ဒန္တဇောတိက ဆရာတော်တို့က အစိုးရ ဓမ္မာစရိယ ပါဠိပထမပြန်စာမေးပွဲများနှင့် ပတ်သက်၍ ဩဝါမိန့်ကြားတော်မူသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွား ရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ယခုနှစ်အစိုးရဓမ္မာ စရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို ၁၃၈၆ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၂)ရက်(အင်္ဂါနေ့) (၂၅-၃-၂၀၂၅) ရက်နေ့ မှ၁၃၈၆-ခုနှစ်၊နှောင်းတန်ခူးလဆန်း (၉)ရက် (တနင်္ဂနွေနေ့) (၆-၄-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်ရန် သတ်မှတ်ကြေညာ ထားပြီးဖြစ်ပါကြောင်း၊ ဓမ္မာစရိယပညာရေးဗဟိုအဖွဲ့ ဆရာ တော်များ၊ ပါဠိပထမပြန် ပညာရေးဗဟိုအဖွဲ့ ဆရာတော်များ နှစ်စဉ် ကြုံတွေ့ရသော အခက်အခဲ များရှိခဲ့ပါကြောင်း၊ စာမေးပွဲများ သန့်ရှင်းစင်ကြယ်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အစိုးရပါဠိပထမ ပြန်နှင့် ဓမ္မာစရိယစာမေးပွဲ စည်းမျဉ်းအခန်း(၁၈)အရ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ သက်ဆိုင်ရာဒေသ အာဏာပိုင် လူပုဂ္ဂိုလ်များ ပါဝင်သော တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ် စာမေးပွဲ ကျင်းပရေးဗဟိုအဖွဲ့ခွဲများ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး အသီးသီး၌ ဖွဲ့စည်းထားသော ကျင်းပရေး ဗဟိုအဖွဲ့ခွဲများသည် မိမိတို့ဒေသအတွင်းရှိ စာဖြေဌာန များတွင် သန့်ရှင်းစင်ကြယ်စွာ ကျင်းပနိုင်ရေးနှင့် ပညာရေးဗဟိုအဖွဲ့များ စာစစ်လုပ်ငန်းများ ကြန့်ကြာ နှောင့်နှေးမှု မရှိစေရေးတို့အတွက် ကြီးကြပ်ရေး အဖွဲ့များ အထူးကြပ်မတ်ရေးအဖွဲ့များ ဖွဲ့စည်း၍ စာမေးပွဲစည်းမျဉ်းများပါအတိုင်း လိုက်နာဆောင်ရွက် စေရေးအတွက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့မှ ညွှန်ကြားချက်များ ထုတ်ပြန်၍ ဗုဒ္ဓသာသနာတော် အရေး အရှည်မျှော်တွေးကာ တိတိကျကျ ကြပ်မတ်တာဝန်ယူ တာဝန်ခံကာ ဆောင်ရွက်သွားရန် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ၊ ဆရာတော်ကြီများ၏ ဩဝါဒ ခံယူခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော်၊ တောင်တွင်းကြီးမြို့၊ ငှက်ပစ်တောင်ကျောင်းတိုက်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မ ဌာနာစရိယ၊ ဘဒ္ဒန္တ မာနိတနှင့် ကြွရောက်လာကြသော ဆရာတော်ကြီများမှ တိုင်းဒေသကြီးဝန်ကြီး ချုပ်၏ လျောက်ထားမှု အပေါ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့် အညီ သက်ဆိုင်ရာ ဆရာတော်ကြီးများမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြီးကြပ်ရေး ဆရာတော် များနှင့် စာဖြေသံဃာ တော်များကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်နိုင်ဖို့ ကြီးကြပ်ပေး သွားမည်ဖြစ်ကြောင်း၊ ဒကာကြီးတို့ အစိုးရအဖွဲ့အနေဖြင့်လည်း ဆရာဒကာညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ပေးမည်ဆိုပါက ယခုနှစ်စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်မည် ဖြစ်သည့်အတွက် ဝိုင်းဝန်းကြပ်မတ်ကြစေလို ကြောင်း ဩဝါဒမိန့်ကြားသည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် မကွေးမြို့၊ အောင်မြေရတနာ ကျောင်းတိုက်၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုမနထံ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ၊ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။