မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမျိုးသန့်ခြံတွင် နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှု့ကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမျိုးသန့်ခြံတွင် နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှု့ကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး ဧပြီ ၃

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ၊ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူ မျိုးသန့်ခြံတွင် နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အားပေးကြည့်ရှု့ကာ၊ ဒေသခံ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ပွင့်ဖြူမျိုးသန့်ခြံသို့ ရောက်ရှိစဉ် နွေစပါး(ဆာဖိုးသာနှင့် အောင်နိုင်တိုး) စပါးမျိုးများအား လက်ဆွဲကောက်စိုက်စက်၊ ကူဘိုတာ ကောက်စိုက်စက်၊ ကောက်စိုက်သမများဖြင့် စိုက်ပျိုးဆောင်ရွက်နေမှု၊ နွေနှမ်း ပေါင်ကြီး တင်စနစ်ဖြင့် စိုက်ပျိုးနေမှုနှင့် စိမ့်မြောင်း၊ ပတ်မြောင်းများဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ ဆောင်ရွက် နေမှုကို အားပေးကြည့်ရှု့ခဲ့ပြီး၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံသည်။

          တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တောင်သူများအား ယခုစိုက်ခင်းကဲ့သို့ တစ်ဧကအပင်ဦးရေပြည့်မီရေး၊ တစ်ပင်ပါ သီးလုံးများများ ရရှိစေရေးနှင့် ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး လိုက်နာဆောင်ရွက်သွားကြရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူတိုင်း ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။

          ဆက်လက်၍ ပွင့်ဖြူမျိုးသန့်ခြံ ခြံတာဝန်ခံမှ ခြံအတွင်း လက်ရှိစိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုး၊ ဆောင်း၊ နွေသီးနှံမျိုးစေ့ထုတ်စိုက်ပျိုး ထားရှိမှုများအား ဗီနိုင်းကားချပ်များဖြင့်တင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူ များအား နွေစပါးနှင့် နွေနှမ်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက်မြေပြင်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များကိုမှန်ကန်အောင်ဆောင်ရွက်ခြင်း၊ တစ်ဧကသတ်မှတ်အပင်ဦး ရေပြည်မီရေး၊ လိုအပ်သော သွင်းအားစုများထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းချိန်တွင် အလေအလွင့်မရှိစေရေး စနစ်တကျဆောင်ရွက်ကြရန် မှာကြားသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကဲ့သို့ နွေစပါးစိုက်ပျိုးနည်းစနစ်များနှင့် နွေနှမ်းသီးနှံတွင် ပေါင်ကြီးတင် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးပြသဆောင်ရွက်ခြင်းသည် တောင်သူ များအနေဖြင့် လက်တွေ့လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးပြသ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စပါးတွင် တစ်ဧကတင်း(၁၅၀)နှင့် အထက်ထွက်ရှိနိုင်သော သက်တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့် (ဆာဖိုးသာနှင့် အောင်နိုင်တိုး)စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်ပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးအတွက် နွေနှမ်းသီးနှံတွင် စိမ့်မြောင်း၊ ပတ်မြောင်း၊ ရေထုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ခြင်းအား နွေနှမ်းစိုက်တောင်သူများအားလုံး လိုက်ပါဆောင်ရွက်သင့်ကြောင်း၊ စိုက်ပျိုးရေကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ စိုက်ခင်းအတွင်း စနစ်တကျ ရေသွင်းရေထုတ်ပြုလုပ်ရန် နှင့် စိုက်ပျိုးနည်း စနစ်များကို အသုံးပြု၍ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြဖို့၊ ယခုကဲ့သို့ စံပြကွက်၊ စမ်းသပ်ကွက်များ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းသည် ပြသရုံ သက်သက်သာ မဟုတ်ပဲ တောင်သူများအနေဖြင့် လက်တွေ့လိုက်ပါဆောင်ရွက်နိုင်ရေး၊ မျှော်မှန်းပန်းတိုင်အထွက် နှုန်းများရရှိ၍ တောင်သူများ၏ (၁)ဧကဝင်ငွေ တိုးတက်လာစေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာစေရေးနှင့် နိုင်ငံ၏စားနပ် ရိက္ခာဖူလုံပိုလျှံစေရေးစသည့် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးပြသ ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း