မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်နှင့် အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်နှင့် အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဧပြီ ၇

          တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာ စေရန်နှင့် လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီး ကိုယ်စားပြု အားကစား သမားကောင်းများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်နှင့်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၇ ရက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စစ်ဘက်ဆိုင်ရာ အဆင်မြင့် အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖနှင့် လူငယ် မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစား ဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ စစ်ကြောင်းမှူးမှ တန်းအပ်သတင်းပို့ခြင်း ဆောင်ရွက်ခဲ့ပြီး၊ #တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ပြေးခုန်ပစ် အားကစားနည်းသည် Olympic အားကစား နည်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် မဖြစ်မနေ ထည့်သွင်းယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်သလို အားကစားပြိုင်ပွဲများတွင်လည်း ဆုတံဆိပ် အများဆုံးရရှိသည့် အားကစား နည်းတစ်ခုဖြစ်သည့်အတွက် အားကစားသမားများအနေဖြင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်မည် ဆိုပါက အားကစား သမားတစ်ဦးကို ရွှေတံဆိပ်(၄)ခုထိ ဆုတံဆိပ်များရရှိပြီး မိမိ နေထိုင်ရာ မြို့နယ်/ ခရိုင်၏ ဂုဏ်ဆောင်နိုင်သည့် ကစားသမားများ မှတစ်ဆင့် တိုင်းဒေသကြီးဂုဏ်၊ ထိုမှတစ်ဆင့် နိုင်ငံ ကိုယ်စားပြု လက်ရွေးစင် ကစားသမားများ ဖြစ်လာမည်ကို ယုံကြည်မိပါကြောင်း၊ “မြန်မြန်ပြေး ဝေးဝေးပစ် မြင့်မြင့်ခုန်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြေးခုန်ပစ် အားကစားသမားများအနေဖြင့် မိမိတို့၏ အပြေး၊ အခုန်၊ အပစ် အားကစားနည်းအလိုက် ဝင်ရောက် ယှဉ်ပြိုင်ကစားရာတွင် မြန်မြန်ပြေးနိုင်သူ၊ အဝေးဆုံး ပစ်နိုင်သူ၊ မြင့်မြင့်ခုန်နိုင်သူများသာ ဆုတံဆိပ်များကို ပိုင်ဆိုင်ရယူ နိုင်မှာ ဖြစ်ပါကြောင်း၊ မြန်မာ့ အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားနိုင်ရေးအတွက် ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်နေရာတွင် အားကစားသမားများနှင့် နည်းပြ များ၏ အခန်းကဏ္ဍသည် အရေးကြီးသလို အားကစားကို တာဝန်ယူ စီမံခန့်ခွဲသူများရဲ့ အပိုင်းက လည်းအရေးကြီးသည့်အတွက် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ပူးပေါင်းပံ့ပိုး ကြိုးစား ဆောင်ရွက်သွား ကြဖို့လိုအပ်ကြောင်း၊ ယခုအချိန်တွင် မိမိတို့ တိုင်းဒေသကြီး၌ Synthetic ကွင်းတည်ဆောက်ပြီး ဖြစ်သဖြင့် မျိုးဆက်သစ် ပြေးခုန်ပစ်အားကစား သမားများအနေဖြင့် မိမိတို့တိုင်းဒေသကြီးတွင်ပင် စခန်းသွင်းလေ့ကျင့်နိုင်ပြီး ပိုမိုစနစ်ကျတဲ့ ဘေးကင်းလုံခြုံမှုတွေ ပြိုင်ပွဲတွေ ပြုလုပ်နိုင်ဖို့ အခွင့်အလမ်း သစ်တစ်ရပ်ဖြစ်ပြီး၊ Synthetic ကွင်းသစ်နှင့် အတူ အားကစားသမားများ၏ အားကစားစွမ်းရည်တွေ ပိုမို မြင့်တက်လာနိုင်ပြီး ယခင်ကထက် ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုများရရှိရန် အခွင့်အလမ်းရှိလာ နိုင်ပြီဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအနေဖြင့် စိတ်ဝင်တစား အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်လာကြသည့် အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါ ကြောင်း၊ မိမိတို့၏ အားကစားစွမ်းရည်ကို အရှိန်အဟုန်ပြင်းပြင်း ဇွဲလုံ့လရှိရှိ ပြသကာ အောင်မြင်မှုဆု တံဆိပ်များကိုလည်း ရရှိနိုင်ကြပါစေ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့်လည်း အောင်မြင်မှု ရရှိရန်အတွက် “တရားသော ယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိမယ်” ဆိုသည့် အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး မိမိတို့၏ အားကစား အရည်အသွေး တိုးတက်မြင့်မားလာပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားကာ၊ “၂ဝ၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲ” ကို စတင် ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် စစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားသစ္စာအဓိဌာန်(၄)ချက်အား စုပေါင်း ရွက်ဆိုခဲ့ပြီး၊ ပြိုင်ပွဲဝင်ကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ ပြေးခုန်ပစ်ပြိုင်ပွဲကို စတင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ အားပေးကြည့်ရှုခဲ့ ကြသည်။

          အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်နှင့် အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အားကစား သမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး (၇-၄-၂၀၂၅)ရက်နေ့မှ(၉-၄-၂၀၂၅)ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကာ၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း