မကွေး ဧပြီ ၁၁
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာ စေရန်နှင့် လူငယ်လူရွယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီး ကိုယ်စားပြု အားကစား သမားကောင်းများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်နှင့်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၇ ရက်နေ့က စတင်ကျင်းပခဲ့ပြီး၊ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စစ်ဘက်ဆိုင်ရာ အဆင်မြင့် အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖနှင့် လူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသော အားကစား ဝါသနာရှင်များ၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသား၊ အမျိုးသမီး ၄×၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကာ၊ ဆုပေးပွဲကို ဆက်လက် ကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်နှင့်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီး ပြိုင်ပွဲဝင် ပွဲစဉ်များအဖြစ် မီတာ-၃၀၀၀၊ မီတာ-၈၀၀၊ မီတာ-၂၀၀၊ ၄×၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမြင့်ခုန်၊ လှံတန်ပစ်နှင့် သံပြားပစ်ပြိုင်ပွဲများ ထည့်သွင်း ကျင်းပခဲ့ပြီး၊ ဆုရရှိသူများအား ဆုဆွဲပြား၊ ငွေသားဆုနှင့် အမျိုးသမီး အသက်(၁၈) နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် ဆုရရှိသော မြို့နယ်အသင်းတို့ကို တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး၊ အမျိုးသားပွဲစဉ်များအဖြစ် မီတာ-၅၀၀၀၊ မီတာ-၃၀၀၀၊ မီတာ-၈၀၀၊ မီတာ-၂၀၀၊ ၄×၁၀၀ လက်ဆင့် ကမ်း၊ တန်းမြင့်ခုန်၊ သုံးဆင့်ခုန်နှင့် လှံတန်ပစ်၊ သံပြားပစ်ပွဲစဉ်များ ပါဝင်ပြီး၊ ဆုရရှိသူများအား စစ်ဘက်ဆိုင်ရာ အဆင်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ကာ၊ အမျိုးသား အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် ပထမဆုရရှိသော သရက်မြို့နယ် အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၅၀၀၀၀၀/ိ-)ကျပ်နှင့် အမျိုးသား၊ အမျိုးသမီး အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် တံခွန်စိုက်ဆု ရရှိသော သရက်မြို့နယ် အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၇၀၀၀၀၀/ိ-) သိန်း တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။