မကွေး ဧပြီ ၁၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးမှ ရဟန်းရှင်လူ ပြည်သူ အများ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန် ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တရားတော် များရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီ ၈ ရက်နေ့ ညပိုင်းမှ စ၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်များ၊ ရပ်ကွက်များရှိ ဘုရားစေတီများ၊ ဓမ္မာရုံများနှင့် ဌာနဆိုင်ရာ ရုံးများ၌ ဆောင်ရွက်လျက်ရှိရာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် မကွေးမြို့ မြသလွန်စေတီတော် မဟာဝိဇယရံသီ တန်ဆောင်းတော်၌ ကျင်းပပြုလုပ် သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်ရွတ်အသင်းများ၏ အန္တရာယ် ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နေမှုကို ကြည်ညိုသဒ္ဓါပွားများကြသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့က နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အန္တရာယ်ကင်းဝေးစေရန် အတွက် ရတနသုတ်ပရိတ်တော်များ၊ ဥပ္ပါတသန္တိ ကျမ်းမြတ်တို့ကို ရွတ်ဖတ်ပူဇော်ခြင်း၊ မြို့နယ် အသီးသီးရှိ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဘုရားစေတီများ၊ ဓမ္မာရုံများ၌ ဝတ်အသင်းများမှ ရတနသုတ် ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ဧပြီလ (၈)ရက်နေ့ ည(၇) နာရီမှ စတင်ကာ နေ့စဉ် ရွတ်ဖတ်ပူဇော်လျက်ရှိပြီး ဧပြီလ(၁၆) ရက်နေ့အထိ (၉)ရက်တိုင်တိုင် ညစဉ် ရွတ်ဆိုပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ မြသလွန် စေတီတော် ရင်ပြင်ပေါ်တွင် တည်ဆောက်လျက်ရှိသည့် အလျား ၉၆ ပေ အနံ ၃၀ ပေ ရှိ သာသနိက အဆောက်အဦ အာရုံခံတန်ဆောင်းအသစ်ကြီး တည်ဆောက်နေမှုကို လှည့်လည်ကြည်ရှု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အာရုံခံတန်ဆောင်းအသစ်ကြီး တည်ဆောက်နေမှုနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။