မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မဟာသင်္ကြန်အကြတ်နေ့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန် အေးချမ်းစွာ ကျင်းပမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မဟာသင်္ကြန်အကြတ်နေ့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန် အေးချမ်းစွာ ကျင်းပမှုအား ကြည့်ရှုအားပေး

မကွေး ဧပြီ ၁၅

          မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာ ကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် မကွေးမြို့တွင် မဟာသင်္ကြန်အကြိုနေ့မှ စတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက် မဟာ သင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းများကို ကျင်းပခဲ့ပြီး၊ ဧပြီလ ၁၅ ရက် မဟာသင်္ကြန် အကြတ်နေ့ နံနက်ပိုင်းက မကွေးမြို့ ကမ်းနားလမ်း၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့် သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အကြီးအကဲများ ကြည့်ရှုအားပေးသည်။

          မကွေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းကြည်နူး စွာဖြင့် တစ်ဦးနှင့်တစ်ဦး သပြေခက်ဖြင့် ရေပက်ခြင်းများ၊ ရေလောင်းခြင်းများ၊ ဘိုးဘွားများအား လက်သည်း ခြေသည်း ညှပ်ပေးခြင်း၊ စတုဒိသာအကျွေးအမွေးများနှင့် မြန်မာ့ရိုးရာ သနပ်ခါးသရုပ်ပြ လိမ်းခြယ်ခြင်းများအား မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အညီ မြန်မာ့ရိုးရာ အတာရေ သဘင်ပွဲကျင်းပနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီး အကဲများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော် ပါဝင် ဆင်နွှဲကြသူ များအား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် သင်္ကြန်ရေအေး ပက်ဖျန်း ပေးကာ၊ မဏ္ဍာပ်များတွင် စတုဒိသာအဖြစ် မြန်မာရိုးရာမုန့်များ၊ ရွှေရင်အေး ၊ သာကူချို ၊ မုန့်လက် ဆောင်း၊ မုန့်လုံးရေပေါ်၊ ကြာဇံဟင်းခါး ကျွေးမွေးခဲ့ခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအား ပေးသည်။

          မကွေးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနများ၏ မဏ္ဍပ်များတွင် စတုဒိသာအဖြစ် မြန်မာရိုးရာမုန့်များ၊ မုန့်လုံးရေပေါ် မုန့်တီများကို ကျွေးမွေးခဲ့ခြင်းများနှင့် အတူ မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနဲ့အညီ သပြေခက်ဖြင့် ရေပက်ကစားခဲ့ကြခြင်းဖြစ်ပြီး၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု လမ်းလျှောက်ပွဲတော်တွင် သနပ်ခါးယဉ်ကျေးမှု ဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် လာရောက် ရေကစားကြသူများအား မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ် နိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း၊ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အနေဖြင့် အေးချမ်းစွာ ရေကစားနိုင်ပြီး စတုဒိသာ အကျွေးအမွေးများကိုလည်း ဌာနဆိုင်ရာများနှင့် အလှူရှင် ပြည်သူများမှ သင်္ကြန်ကာလ တစ်လျှောက် ကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို ငလျင်ဘေးသင့်ပြည်သူများကို စာနာထောက်ထားသောအားဖြင့် မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုနှင့် အညီ ကခုန်တီးမှုတ်ခြင်းမျိုး မပါရှိပဲ ယဉ်ကျေး သိမ်မွေ့သည့် သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရသည်။

          မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် အတာသင်္ကြန်ပွဲတော် ကာလအတွင်း ယဉ်ကျေးသိမ်မွေ့အေးချမ်းစွာဖြင့် အေးသင်္ကြန်အဖြစ် ကျင်းပခြင်း၊ နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူ ပြည်သူများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် အန္တရာယ်ကင်း ပရိတ်ပဌာန်းများ ရွတ်ဖတ် ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ရပ်ကွက်များအတွင်း စတုဒီသာ ကျွေးမွေး လှူဒါန်းခြင်းစသည့် ကုသိုလ်ကောင်းမှုများဖြင့် အေးချမ်းသာယာစွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း