မကွေး ဧပြီ ၂၂
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တာရှိသူများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများ နှင့် သင်တန်းသား မိဘများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံလေကြောင်းလူငယ် သင်တန်းကို တက်ရောက်ခွင့်ရရှိသည့် လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချ သင်ယူရ သောကြောင့် နောင်တစ်ခေတ်၏ ခေါင်းဆောင်လူငယ်များဖြစ်၍ အသိပညာ/အတတ်ပညာရပ်ပိုင်း ဆိုင်ရာများကို တစ်စိတ်တစ်ဒေသ အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်၌ အချိန်ကိုအကျိုးရှိရှိအသုံးချပြီး အခြေခံလေ ကြောင်းလူငယ်သင်တန်းကို စိတ်ပါဝင်စားစွာနှင့် တက်ရောက်ကြသည့် လူငယ်များသည် နောင်တစ်ချိန်တွင် လေကြောင်းသိပ္ပံပညာရပ်များနှင့် ပတ်သတ်ပြီး မျိုးဆက်သစ်ခေါင်းဆောင် ကောင်းများဖြစ်လာရေး စာပေဘာသာရပ်များကို သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း၊ ယခု သင်တန်းတက်ရောက်ကြသည့် လူငယ်များအနေဖြင့် မိမိတို့ရပ်ရွာရှိ မိတ်ဆွေအပေါင်းအသင်းများကို သင်တန်းကပို့ချလိုက်သည့် လေကြောင်းပညာဗဟုသုတများ၊ နည်းပညာများကို ထပ်ဆင့်ဖြန့်ဝေ ပေးသွားဖို့ တိုက်တွန်းပြောကြားလိုကြောင်း၊ သင်တန်းမှ ပညာရပ်ကို စိတ်ပါဝင်စားလာပြီး မိမိဒေသ အတွက် အကျိုးပြုမည့် လေကြောင်းဆိုင်ရာ ပညာရှင်များ ထွက်ပေါ်လာမှာဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ကြမည့်လူငယ်တို့အနေဖြင့် လေကြောင်းသိပ္ပံပညာရပ်ကို ကိုယ်တိုင်ဆည်းပူး၊ လေ့လာ၊ တည်ဆောက် သင်ယူကြရမှာဖြစ်သလို လေယာဉ်လိုက်ပါစီးနင်းခြင်း၊ RC လေယာဉ် Simulator မောင်းနှင်ခြင်း၊ Radio Control / Remote Control လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်မှုပြိုင်ပွဲအပြင် နေပြည်တော်နှင့် ရန်ကုန်မြို့မှာရှိတဲ့ ဗဟုသုတ ရရှိစေမည့် နေရာများကို လေ့လာရေးသွားရောက်ခွင့် ရကြမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ယနေ့ နိုင်ငံတော်ကြီးဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာသည်နှင့် အမျှ နောင်တစ်ခေတ် ရဲ့ခေါင်းဆောင်တွေဖြစ်သည့် လူငယ်များသည် ခေတ်စနစ်နှင့်အညီ ရင်ပေါင်တန်းလိုက်ပါပြီး တိုးတက်နေတဲ့ ပညာရပ်တွေကို မျက်ခြေမပြတ် ဆည်းပူးလေ့လာသွားကြဖို့လိုကြောင်း၊ လူငယ်များ အနေဖြင့် ကမ္ဘာမှာအရေးပါလာတဲ့ ဒီလေကြောင်း သိပ္ပံပညာရပ်များကို ထက်မြက်ထူးချွန်စွာ ကြိုးစား အားထုတ်သင်ယူ လေ့လာသွားကြဖို့ ပြောကြားလိုကြောင်း၊ နောင်တစ်ချိန်မှာ နိုင်ငံတော်ရဲ့ တာဝန်တွေကို ပုခုံးပြောင်း ထမ်းဆောင်ကြမည့် မောင်တို့ မယ်တို့တတွေရဲ့ လူ့စွမ်းအား အရင်းအမြစ် များဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ပေါက်လာရေး တို့အတွက် ပြုစု လေ့ကျင့်ပျိုးထောင်ပေးနေခြင်းပဲဖြစ်ပါကြာင်း၊ လူငယ်များအနေဖြင့် လေကြောင်းလူငယ် သင်တန်း မှာနည်းပြဆရာများ သင်ကြားပို့ချသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာနဲ့ တတ်မြောက်အောင် သင်ယူမှတ်သား၍ အတွေ့အကြုံကောင်းများကို ရယူကြရန်လိုကြောင်း၊ နွေရာသီကျောင်းပိတ် ရက်မှာ အခါအခွင့်သင့်၍ ဒီသင်တန်းကို တက်ရောက်ခွင့် ရတာဖြစ်သည့်အတွက် နောင်တစ်ခေတ်ရဲ့ မျိုးဆက်သစ် လေကြောင်း သိပ္ပံပညာရှင်များဖြစ်အောင် ရည်ရွယ်ချက်ထားပြီး ကြိုးပမ်းအားထုတ် သွားကြစေလိုကြောင်းနှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝတဲ့ ကျောင်းသား/ကျောင်းသူများပီပီ ကိုယ့်အစွမ်းအစကို ဒီသင်တန်းမှာ အပြည့်အဝ အသုံးချ သွားကြပါလို့ တိုက်တွန်းပြောကြား လိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦးက လေကြောင်း ပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံဆိုင်ရာ ပညာရပ် များကို စိတ်ဝင်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ကာ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ် ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားကာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင်ညွှန့်ထံ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတွင် အသုံပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် လေကြောင်းဆိုင်ရာ သမိုင်းမှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှု အား လှည့်လည်လေ့လာ အားပေးကြည့်ရှုကာ သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းကို (၂၂-၄-၂၀၂၅) ရက်မှ (၁၀-၅-၂၀၂၅)ရက်နေ့အထိ ရက်သတ္တ(၃) ပတ် (စနေနေ့အပါအဝင်)မကွေးလေတပ်စခန်းဌာနချုပ်(မကွေးသင်တန်းစခန်း)တွင်စခန်းသွင်းသင်ကြား ပို့ချသွားမည်ဖြစ်ပြီး၊ အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေယာဉ် ပျံသန်းမှု အခြေခံသဘောတရား၊ လေယာဉ်တည်ဆောက်မှု အခြေခံ သဘောတရား၊ လေယာဉ် စက်အုံ တည်ဆောက်မှု အခြေခံများ၊ လေယာဉ် ပုံစံငယ်တည်ဆောက်မှု အခြေခံများ၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်/ Drone မောင်းနှင်ခြင်း၊ အခြေခံစစ်ပညာ(လက်နက်မဲ့) သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ မကွေးတိုင်း ဒေသကြီးအတွင်းမှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။