မကွေး ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်လမ်းညွန်မှုဖြင့် နွေရာသီကာလ လူငယ်ကျောင်းသား ကျောင်းသူများအတွက် အကျိုးကျေးဇူးရရှိစေမည့် အနုပညာ စွမ်းရည်ဖြစ်သော အခြေခံတယောပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ၊ တယောတီးခတ်မှုသင်တန်းဆင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းတိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံ ပညာကျောင်းအုပ်ကြီးများ၊ တယောတီးခတ်မှု နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နွေရာသီကျောင်းပိတ်ကာလ အားလပ်ရက် များကို အကျိုးရှိရှိ ကောင်းစွာအသုံးချခြင်းဖြင့် အသိလိမ္မာတိုးပွားစေပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး မိမိတို့စိတ်ပါဝင်စားသော သင်တန်းများကို တက်ရောက်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ ဗဟုသုတများ အတွေးအခေါ် ကောင်းများ ပေါ်ထွန်းလာစေရန်၊ သင်တန်းမှ ရရှိသည့် ဗဟုသုတနှင့် အတတ်ပညာများကို အခြေခံပြီး မိမိတို့ရဲ့ အနာဂတ်ဘဝကို ကောင်းမွန်စွာ တည်ဆောက်တတ်စေရန်နှင့် အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အခုနွေရာသီ တယောသင်တန်းကို တက်ရောက်ခဲ့ကြတဲ့ သင်တန်းသား၊ သင်တန်းသူများအနေနဲ့ သင်တန်းဆရာများ ပို့ချသင်ကြား ပေးခဲ့တဲ့ စာတွေ့ လက်တွေ့ သင်ခန်းစာများနှင့် ဂီတသင်္ကေတများကို ကျေညက်အောင် အထပ်ထပ် အခါခါ ကြိုးစား လေ့ကျင့်ပြီး ကမ္ဘာသုံးသင်္ကေတများနှင့် ကျွမ်းကျင် ပိုင်နိုင်စွာ တီးခတ်နိုင်တဲ့ တယော ပညာရှင်များ ဖြစ်ကြစေလို့ကြောင်း၊ သင်တန်းမှ ရရှိခဲ့တဲ့ အသိပညာ၊ အတတ်ပညာများနဲ့ မိမိရပ်ရွာ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်ဖြစ်ထွန်းအောင် ဆောင်ရွက်စေတတ်ဖို့ မှာကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ လူမှုရေးဦးတည်ချက်ဖြစ်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များမှာ လူငယ်များ အနေနဲ့ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နဲ့ ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့ ဦးတည်ချက်နှင့်အညီ နိုင်ငံတော်အတွက် အားထား ရတဲ့ နိုင်ငံ့သားကောင်း သမီးကောင်းများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တယောတီးခတ်မှုသင်တန်း သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တယောဖြင့် သရုပ်ပြ တီးခတ်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ သင်တန်းတွင် ဆုရရှိကြ သူများနှင့် သင်တန်းနည်းပြများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများအား အသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ၂ဝ၂၅ ခုနှစ်၊ နွေရာသီ တယောတီးခတ်မှုသင်တန်းမှ သင်တန်းသား၊ သင်တန်း သူများက မကွေးမြို့ပေါ်ရပ်ကွက်များအတွင်း တယောတီးခတ်၍ ငလျင်ဘေးအတွက် အလှူခံရရှိခဲ့ သည့် ငွေကျပ်သိန်း(၅၀)အား အဖွဲ့ခေါင်းဆောင်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံပေးအပ်ခဲ့ပြီး၊ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နွေရာသီသင်တန်းများစွာ ဖွင့်လှစ်ခဲ့သည့်အနက် အခြေခံတယောသင်တန်း ကို(၃-၄-၂၀၂၅)ရက်နေ့မှ (၁၁-၄-၂၀၂၅)ရက်နေ့အထိ မကွေးမြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၄၉)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ မကွေးမြို့တွင် နွေရာသီ လူငယ်ရေးရာသင်တန်းများဖြစ်သော ကင်းထောက်၊ ယဉ်ကျေးလိမ္မာ၊ ကြက်ခြေနီ၊ ကွန်ပျူ တာ၊ ပန်းချီ၊ အခမ်းအနားမှူး၊ အားကစားနည်း၊ ပန်းဖွား၊ ဘင်ခရာ၊ ကဗျာလွတ် အစရှိသည့် သင်တန်း များကို ဖွင့်လှစ်ပေးခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ(၇၁၈)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။