မကွေး ဧပြီ ၂၄
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် (အဓိကသီးနှံ- ၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၄/၂၀၂၅)ကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေး တိုင်းဒေသကြီးဟာ စပါးအပါအဝင် ဆီထွက်သီးနှံ အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီး တစ်ခု ဖြစ်ပြီး၊ သီးနှံစိုက်ဧရိယာတိုးတက်လာရေးအတွက် သီးထပ်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းနဲ့ အဓိကသီးနှံများ သတ်မှတ်ထားတဲ့ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို အဓိကအလေးထား ဆောင်ရွက်ရမှာဖြစ်ပါကြာင်း၊ ဆီထွက်က်သီးနှံကိုလည်း တိုင်းဒေသကြီးအတွင်းမှာ ဖူလုံသည့်အပြင် အခြားဒေသများသို့ ဖြန့်ဖြူးပေးနိုင်ရေး၊ ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြာင်း၊ လက်ရှိ အချိန်ဟာ နွေသီးနှံများ စိုက်ပျိုးချိန်ကာလလည်း ကုန်ဆုံးနေပြီဖြစ်သလို ဒီနေ့အထိ နွေစပါး (၅၆၄၃၄)ဧက လျာထားမှုအပေါ် (၃၇၃၇၇)ဧက၊ နွေနှမ်း (၁၁၃၃၉၅)ဧက လျာထားမှုအပေါ် (၁၃၂၂၀၇)ဧက၊ အခြားသီးနှံ (၆၂၃၉)ဧက စိုက်ပျိုးပြီး စုစုပေါင်း နွေသီးနှံ (၁၆၉၈၂၉)ဧကလျာထားမှု အပေါ် (၁၇၅၈၂၃)ဧက၊ (၁၀၃.၅၃)ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်နွေသီးနှံ (၁၆၇၆၉၄)ဧက ထက် (၈၁၂၉)ဧက နွေသီးနှံ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ သီးနှံစုစုပေါင်းစိုက်ဧက သိန်း(၆၀)ကျော် စိုက်ပျိုးနိုင်ပြီး ယခင်နှစ်ထက် ဧက(၃) သိန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ်မှာလည်း စိုက်ဧက (၆၅)သိန်းကျော် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရမှာဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် စီမံကိန်းလုပ်ငန်းများကို ဌာန အသီးသီးသို့ တာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ သီးနှံစိုက်ပျိုးထွက်ရှိမှုများ တိုးတက်မြင့်မားပြီး လယ်ယာကဏ္ဍ တစ်ခုလုံး တိုးတက်မှုရရှိလာစေဖို့ တာဝန်ယူဆောင်ရွက်နေသော ဌာနဆိုင်ရာ အသီးသီးတို့အနေဖြင့် မိမိတို့ ကြီးကြပ်/ ပံ့ပိုးဆောင်ရွက် ပေးရမည့် စိုက်ပျိုးနည်းပညာပေး လုပ်ငန်း များ၊ သီးနှံမျိုးစေ့ရရှိရေး လုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ မြေယာထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများနှင့် သီးနှံစိုက်ပျိုး ရိတ်သိမ်း ထွက်ရှိမှု စာရင်းဇယားများ အချိန်နှင့် တပြေးညီ မြေပြင် အရောက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ကြရန်နှင့် လယ်သမားများ ပါဝင်လုပ်ဆောင်လာရေး ကိုလည်း သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ပေး ကြရန် မှာကြားလိုကြောင်း မိမိတို့ တိုင်းဒေသကြီး၏ အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်း ရရှိစေရေး သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် အကောင်အထည် ဖော်ရေးအဖွဲ့များအနေဖြင့် အောင်မြင်အောင် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက မကွေးတိုင်းဒေသကြီးအတွင်း သီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ ဒေသတွင်းရှိ ရေမြေသဘာဝအခြေခံများနဲ့ အခွင့်အလမ်းများ၊ အခြေအနေကောင်းများကို အသုံးပြုပြီး ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းက တိုင်းဒေသကြီး ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ဆုံးဖြတ် ချက်များအား ဖတ်ကြား ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့ လုပ်ငန်း ကဏ္ဍအလိုက် ရှင်လင်း တင်ပြ ဆွေးနွေးမှုများနှင့် တက်ရောက်လာသူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အထွေထွေ ဆွေးနွေးတင်ပြ ဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။