မကွေး ဧပြီ ၂၆
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး ညောင်ပင်ခလချောင်းနှင့် ဖုတ်ကုန်းကျေးရွာ အနီး ဖလံချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်နေမှုနှင့် ရှားပင်လှကျေးရွာအုပ်စုအတွင်း ဥစားကြက်မွေးမြူရေးဇုန် အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီး ညောင်ပင်ခလချောင်းနှင့် ဖုတ်ကုန်းကျေးရွာအနီး ဖလံချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးညွန်ကြားရေးမှုနှင့် မြေအောက်တမံများ တာဝန်ယူတည်ဆောက်ခဲ့ သည့် တည်ဆောက်ရေး(၈)မှ တာဝန်ရှိသူတို့က မြေအောက်ရေလှောင်တမံ စီမံကိန်းဧရိယာ ရွေးချယ် ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြေအောက် ရေလှောင်တမံ တည်ဆောက်မည့် ချောင်းအထက် ဘက်တွင် လုံလောက်သော ရေဝေ ရေလဲ ဧရိယာရှိမှု၊ မြေအောက်ရေထုတ်ယူရရှိရန်အတွက် ရေအောင်းလွှာအတွင်းသို့ ရေစီးဝင်မှု လုံလောက်မှု အခြေအနေ၊ ချောင်း၏ အလျှောပြေပြစ်မှု ရှိခြင်းနှင့် ချောင်းဗြက် ကျယ်ခြင်း၊ ရေအောင်း လွှာမှာ လုံလောက်သောရေကို သိုလှောင်နိုင်သောအထူ ရှိမှုနှင့် ရေလုံသော ဖြတ်တားနံရံ တည်ဆောက် နိုင်ရန်အတွက် အောက်ခံရေလုံလွှာ အနက်တိမ်၍ မြေအောက်တမံ ဧရိယာကျဉ်းမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှားပင်လှကျေးရွာအနီး ညောင်ပင်ခလချောင်းနှင့် ဖုတ်ကုန်းကျေးရွာအနီးမှ ဖလံချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး အတွင်း ဒေသခံများအတွက် အကျိုးများသည့် မြေအောက်တမံ(၇)ခုကို တည်ဆောက်ရေး(၈)မှ တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပြီး၊ မြေအောက်တမံများ တည်ဆောက် ပေးခြင်းဖြင့် မိုးရာသီ ရွာသွန်းသော မိုးရေများ ဝင်ရောက်လာမှုအား စုဆောင်း သိုလှောင်ထားနိုင်ပြီး မြေအောက်တမံများ၏ အထက်၊ အောက်၊ ဘေး၊ ဝဲ၊ ယာ ပတ်ဝန်းကျင်တွင် မြေအောက်ရေ မျက်နှာပြင် မြင့်တက် လာသည့်အတွက် တူးဖော်ပြီး ရေတွင်းများ ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မြေအောက်ရေ အစိုဓါတ်ဖြင့် ချောင်း တလျောက်နှင့် ပတ်ဝန်းကျင်တွင် စားဖိုချောင်သီးနှံများ စိုက်ပျိုး လာနိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည့်အတွက် တည်ဆောက်ရေးတာဝန်ရှိသူများ အနေဖြင့် သတ်မှတ်စံနှုန်းများနှင့် အညီ အချိန်မီပြီးစီးရေး အလေးထား ကြိုးစားဆောင်ရွက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်း နှင့် ပတ်သက်၍ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း မိုးခေါင်သည့် ဒေသများရှိ သဲချောင်းများတွင် မိုးရေကို မြေအောက် တမံ (Underground Dam) တည်ဆောက်၍ ရေသိုလှောင်ခြင်းဖြင့် သောက်သုံးရေ ရှားပါးသည့် အညာဒေသတွင် သောက်သုံးရေရရှိနိုင်ရေးနှင့် မြေအောက်ရေထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်းတွင် အကောင် အထည် ဖော်ဆောင်ရွက်နိုင်သည့် မြေအောက်တမံများကို စူးစမ်းလေ့လာ၍ အကောင် အထည် ဖော်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။