မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေး      မေ     ၄

            မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ မေလ ၃ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ် နတ်ရွာကျေးရွာအနီး ဆင်ရိုးချောင်း၊ လေးတိုင်စင်ကျေးရွာအနီး ပေါင်းကူးချောင်းနှင့် မကွေးမြို့နယ် ကျောင်းဆောင်ကျေးရွာအနီး စလေချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက် နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

          တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မြို့သစ်မြို့နယ် နတ်ရွာ ကျေးရွာအနီး ဆင်ရိုးချောင်း၊ လေးတိုင်စင်ကျေးရွာအနီး ပေါင်းကူးချောင်းနှင့် မကွေးမြို့နယ် ကျောင်း ဆောင်ကျေးရွာအနီး စလေချောင်းပေါ်ရှိ မြေအောက်တမံများ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး၊ မြေအောက်တမံများ တည်ဆောက်ရေး ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ် ဆေးကာ၊ တည်ဆောက်ရေး ယာယီရှင်းလင်းဆောင်များတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန တိုင်းဒေသကြီးညွန်ကြားရေးမှုနှင့် မြေအောက်တမံများ တာဝန်ယူတည်ဆောက်ခဲ့သည့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ထိန်းသိမ်းရေး) တာဝန်ရှိသူတို့က မြေအောက် ရေလှောင်တမံ စီမံကိန်းဧရိယာ ရွေးချယ်ဆောင်ရွက်မှု၊ မြေအောက်တမံများဆိုင်ရာများနှင့် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအတွင်း ဒေသခံများ အတွက် အကျိုးများသည့် မြေအောက်တမံ(၇)ခုကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ထိန်းသိမ်းရေး၊ တည်ဆောက်ရေး(၃)နှင့် တည်ဆောက်ရေး(၈) တို့မှ တာဝန်ယူ ဆောင်ရွက် နေတာဖြစ်ပြီး၊ မြေအောက်တမံများ တည်ဆောက် ပေးခြင်းဖြင့် မိုးရာသီ ရွာသွန်းသော မိုးရေများ ဝင်ရောက်လာမှုအား စုဆောင်း သိုလှောင်ထားနိုင်ပြီး မြေအောက်တမံများ၏ အထက်၊ အောက်၊ ဘေး၊ ဝဲ၊ ယာ ပတ်ဝန်းကျင်တွင် မြေအောက်ရေ မျက်နှာပြင် မြင့်တက်လာသည့် အတွက် တူးဖော်ပြီး ရေတွင်းများ ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မြေအောက်ရေ အစိုဓါတ်ဖြင့် ချောင်းတလျောက်နှင့် ပတ်ဝန်းကျင်တွင် စားဖိုချောင်သီးနှံများ စိုက်ပျိုးလာနိုင်ခြင်း၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး၊ အချိန်တိုအတွင်း ချက်ချင်း အကျိုးရှိစေမည့် မြေအောက် တမံများဖြစ်သည့်အတွက် တည်ဆောက်ရေးတာဝန်ရှိသူများအနေဖြင့် သတ်မှတ်စံနှုန်းများနှင့် အညီ အချိန်မီပြီးစီးရေး အလေးထား ကြိုးစားဆောင်ရွက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် မှုအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တက်ရောက်လာသည့် ဒေသခံတောင်သူများအား တွေဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ မေးမြန်းကာ၊ ဒေသခံများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် တင်ပြ ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပေါင်းစပ် ညှိနှိုင်းဆာင်ရွက်ပေးကာ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          တိုင်းဒေသကြီးအတွင်း မိုးခေါင်သည့် ဒေသများရှိ သဲချောင်းများတွင် မိုးရေကို မြေအောက် တမံ (Underground Dam)တည်ဆောက်၍ ရေသိုလှောင်ခြင်းဖြင့် သောက်သုံးရေ ရှားပါးသည့် အညာဒေသတွင် သောက်သုံးရေရရှိနိုင်ရေးနှင့် မြေအောက်ရေ ထိန်းသိမ်းနိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်းတွင် မြေအောက် ရေလှောင်တမံ တည်ဆောက်မည့် ချောင်းအထက်ဘက်တွင် လုံလောက်သော ရေဝေရေလဲ ဧရိယာရှိမှု၊ မြေအောက်ရေ ထုတ်ယူရရှိရန်အတွက် ရေအောင်းလွှာအတွင်းသို့ ရေစီးဝင်မှု လုံလောက်မှု၊ ချောင်း၏ အလျှောပြေပြစ်မှု ရှိခြင်းနှင့် ချောင်းဗြက် ကျယ်ခြင်း၊ ရေအောင်းလွှာမှာ လုံလောက်သောရေကို သိုလှောင်နိုင်သော အထူရှိမှုနှင့် ရေလုံသော ဖြတ်တားနံရံ တည်ဆောက် နိုင်ရန်အတွက် အောက်ခံ ရေလုံလွှာ အနက်တိမ်၍ မြေအောက်တမံ ဧရိယာကျဉ်းမှု အခြေအနေများ အားစူးစမ်းလေ့လာ၍ အချိန်တိုအတွင်း ချက်ချင်း အကျိုးရှိစေမည့် မြေအောက်တမံများကို အကောင် အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း