မကွေး မေ ၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဖွင့်လှစ်သည့် တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို မေလ ၅ ရက် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဗိုလ်မင်းရောင် ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ တရားလွှတ်တော်တရားသူ ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဥပဒေအရာရှိများ၊ သင်တန်းသား အရာထမ်းများ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည် ကျင့်သုံးဆောင်ရွက် နိုင်ရေး၊ ဥပဒေနှင့် ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာရန်အတွက် ယခုကဲ့သို့ ဥပဒေ အသိပညာ ပြန့်ပွားရေးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေးသည် ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးနှင့်တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးတို့အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အပြင် နိုင်ငံတော်၏ ရည်မှန်းချက်၊ အုပ်ချုပ်ရေး ယန္တရားများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ လုပ်ငန်းစွမ်းဆောင်ရည်၊ ကျွမ်းကျင်မှုများ မြင့်မားလာစေရန် အရေးကြီး သကဲ့သို့ ဥပဒေ နှင့် အညီ မိမိ၏ လုပ်ငန်းတာဝန်များကို အောင်မြင် အောင်ဆောင်ရွက်နိုင်ရေး လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြုစုထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာများ၊ နိုင်ငံ့ဝန်ထမ်းများ မဖြစ်မနေ သိရှိထားရမည့် နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ပြည်ထောင်စုက ပြဋ္ဌာန်းထားသည့် ရာဇသတ်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ အကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းချက်များ၊ ကလေးအလုပ် သမားနှင့် သက်ဆိုင်သည့် ဥပဒေ ပြဋ္ဌာန်းချက်များကို မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများက သင်ကြားပို့ချ သွားမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် တက်ရောက် ပေးကြရန် မှာကြားလိုကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချလိုက်သည့် ဥပဒေအသိပညာများကို သိရှိလိုက်နာ ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာပြီး ဥပဒေစည်းကမ်းများကို ကောင်းစွာ လိုက်နာကျင့်သုံး နေထိုင်သည့် လူမှုအဖွဲ့အစည်း ဖြစ်ထွန်းရေးကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေက ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ်(၂၃)သိန်းအား ပေးအပ်ရာ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က လက်ခံရယူခဲ့သည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတွင် တိုင်းအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း (၁၁၅)ဦး အား ဥပဒေပညာရပ် သင်ရိုးညွှန်းတမ်းနှင့် အညီ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများက မေလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။