မကွေး မေ ၁၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီ အချိန်က မကွေးမြို့ မြသလွန်စေတီတော် ဘုရားရင်ပြင်တော်၌ ကျင်းပခဲ့သည်။
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၈)ကျောင်းမှ ဆရာတော်သံဃာတော်(၉၈)ပါး၊ သီလရှင်ကျောင်း(၂၄)ကျောင်းမှ သီလရှင်ဆရာမကြီး(၂၄)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားကို ယနေ့ နံနက် ၇ နာရီက မကွေးမြို့ မြသလွန်စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီး အကဲများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ် အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင် များနှင့် ဒေသခံ ပြည်သူများ စုပေါင်း၍ လောင်းလှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေ သွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာ ကြည်နူးဖွယ်ရာ ဘာသာရေး ဆိုင်ရာပွဲတော် တစ်ခု ဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်တစ်ရပ်အဖြစ် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး၊ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်တော် အား ညောင်ရေသွန်းလောင်းခြင်းနှင့် အန္တရာယ်ကင်း ပဌာန်းတရားတော်များ ရွတ်ဖတ်ပူ ဇော်ခြင်းကို ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်အနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရာကန်တော့ ဖွင့်လှစ်၍ မဟာဗောဓိ ညောင်ပင်တော်အား ကဆုန်ညောင်ရေ သွန်းလောင်း၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြပြီး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားပြု ညောင်ရေ သွန်းလောင်းမည့် အဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများက တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအလိုက် စနစ်တကျ လာရောက်ကာ မဟာဗောဓိ ညောင်ပင်တော်အား ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့ကြသည်။
ထို့နောက် ဝတ်ရွတ်အသင်းအဖွဲ့များမှ အန္တရာယ်ကင်း ပဌာန်တရားတော်များကို ရွတ်ဖတ် ပူဇော်ကာ၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ညောင်ရေသွန်းလောင်းသည့် အဖွဲ့များ၊ အန္တရာယ်ကင်းပဌာန်းရွတ်ဖတ်ပူဇော်သည့် ဝတ်ရွတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အချိုရည်နှင့် စားသောက်ဖွယ်ရာမုန့်များကို ကုသိုလ်ဒါနပြုလှူဒါန်းခဲ့ကြောင်းနှင့် ကဆုန်လပြည့် အခါသမယတွင် မကွေးမြသလွန်စေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့် ဒေသခံများ စည်ကားများပြားစွာ ဘုရားဖူးလာရောက်ကာ စိတ်အေးချမ်းစွာဖြင့် ဖူးမြှော်ကြည်ညိုခဲ့ ကြကြောင်း သိရသည်။