မကွေး မေ ၁၃
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် (အဓိကသီးနှံ- ၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၅/၂၀၂၅)ကို မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေး တိုင်းဒေသကြီးဟာ စပါးအပါအဝင် ဆီထွက်သီးနှံ အဓိကစိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီး တစ်ခု ဖြစ်ပြီး၊ သီးနှံစိုက်ဧရိယာတိုးတက်လာရေးအတွက် သီးထပ်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းနဲ့ အဓိကသီးနှံများ သတ်မှတ်ထားတဲ့ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို အဓိကအလေးထား ဆောင်ရွက်ရမှာ ဖြစ်ပါကြာင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးတို့ ဦးတည်ဆောင်ရွက်လျက် ရှိရာမှာ လယ်ယာကဏ္ဍတွင် အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့် မားရေး ဆောင်ရွက်ခြင်းဖြင့် ခိုင်မာသည့် ဈေးကွက် ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ စပါး၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)၊ ပဲမျိုးစုံသီးနှံ၊ စက်မှုကုန်ကြမ်း သီးနှံ(ဝါ၊ကြံ)နဲ့ စားဖိုဆောင် သီးနှံအပါအဝင် သီးနှံစုံ စိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးဖြစ်ပြီး သီးနှံများရဲ့ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် သီးထပ်သီးညှပ်များ စိုက်ပျိုးပြီး သီးနှံစိုက်စွမ်း အားနဲ့ သီးထပ်စွမ်းအား မြင့်မားရေး ဆောင်ရွက်လျက်ရှိရာ ယခုအချိန်မှာ နွေသီးနှံများ စိုက်ပျိုးချိန် ကာလလည်း ကုန်ဆုံးနေပြီဖြစ်သလို ဒီနေ့အထိ နွေစပါး(၃၇၃၇၇)ဧက၊ နွေနှမ်း(၁၃၂၂၀၇)ဧက စုစုပေါင်း (၁၆၉၅၈၄) ဧက(၁၀၃.၅၃)ရာခိုင်နှုန်း စိုက်ပျိုး နိုင်ခဲ့ပြီး၊ ယခင်နှစ် နွေသီးနှံ (၁၆၇၆၉၄)ဧက ထက်(၁၈၉၀)ဧက နွေသီးနှံ ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ သီးနှံစုစုပေါင်း စိုက်ဧကသိန်း(၆၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ထက် ဧက(၃) သိန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ်မှာလည်း စိုက်ဧက စုစုပေါင်း (၆၅)သိန်းကျော် စိုက်ပျိုးနိုင်ရေး စီမံချက်ချ ဆောင်ရွက်လျက် ရှိကြောင်း၊ သီးနှံထုတ်လုပ်မှု တိုးတက်ရေးအပြင် အရည်အသွေးကောင်း သီးနှံများလည်း ထုတ်လုပ်နိုင်ဖို့ လိုအပ်ပါကြောင်း၊ ဆီထွက်က်သီးနှံကိုလည်း တိုင်းဒေသကြီးအတွင်းမှာ ဖူလုံသည့် အပြင် အခြားဒေသများသို့ ဖြန့်ဖြူး ပေးနိုင်ရေး၊ ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ကြာင်း၊ မိမိတို့ တိုင်းဒေသကြီး၏ အဓိက သီးနှံများ ပန်းတိုင် အထွက်နှုန်း ရရှိစေရေး သက်ဆိုင်ရာ ဌာနများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အကောင်အထည်ဖော်ရေးအဖွဲ့များအနေဖြင့် အောင်မြင် အောင်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက မကွေးတိုင်းဒေသကြီးအတွင်း သီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ ဒေသ တွင်းရှိ ရေမြေသဘာဝအခြေခံများနဲ့ အခွင့်အလမ်းများ၊ အခြေအနေကောင်းများကို အသုံးပြုပြီး ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းက တိုင်းဒေသကြီး ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ဆုံးဖြတ် ချက်များအား ဖတ်ကြား ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့ လုပ်ငန်း ကဏ္ဍအလိုက် ရှင်လင်းတင်ပြ တင်ပြခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အထွေထွေဆွေးနွေး တင်ပြဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။