မကွေး မေ ၂၆
၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ် နှင့်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ ၂၇ ရက်နေ့ ညနေပိုင်းက တိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ဗိုလ်လုပွဲစဉ် အဖြစ် သရက်ခရိုင်အသင်းနှင့် အောင်လံခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေး သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်း ဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရသူများအား ဆုကလပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ဒုတိယဆုရရှိသည့် အောင်လံခရိုင် အသင်းအား တစ်ဦးချင်းဆွဲပြားနှင့် ငွေသားဆုကို အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး ကလည်းကောင်း၊ ပထမဆုရရှိသည့် သရက်ခရိုင်အသင်းအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ နိုင်ငံ၏ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ဘောလုံး အကယ်ဒမီကျောင်းများသို့ တက်ရောက်ခွင့်ကို မကွေး တိုင်းဒေသကြီးမှ အသက်(၁၂)နှစ် အောက်အသင်းတွင် သရက်မြို့မှ မောင်လင်းဘုဏ်းမာန်နှင့် အသက်(၁၄)နှစ်အောက် အသင်းတွင် အရွေးချယ်ခံရသည့် မကွေးမြို့မှ မောင်သန့်ဇင်အောင်တို့ကို ဂုဏ်ပြုထောက်ပံ့ငွေ(၅)သိန်းကျပ်စီအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက် မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံး အားကစားသမားများ အချင်းချင်း သွေးစည်း ညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေး၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစား သမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမားများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံး အားကစားသမားကောင်းများ ထွက်ပေါ်လာစေရေး ရည်ရွယ်၍ သက်တန်းအလိုက် ဘောလုံးအားကစားပြိုင်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ယခုပြိုင်ပွဲကို အုပ်စု (က)နှင့် အုပ်စု(ခ)ပတ်လည်ကစား၍ မေလ(၁၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ ပြိုင်ပွဲဝင် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။