မကွေး မေ ၂၇
မကွေးတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ ဦးစီးကျင်းပသည့် ရေရှည် ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်နယ်မှ အရာရှိကြီးများ ၊ တရားသူကြီးချုပ်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(မကွေးဇုန်)၊ ခရီးသွားပို့ဆောင်ရေးအသင်းများ၊ တည်းခိုခန်း လုပ်ငန်းရှင်များအသင်းနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ခရီးသွား လုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဝင်ငွေများတိုးတက်ဖို့ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီးမထိခိုက်ပဲ ဖွံ့ဖြိုးစေဖို့နှင့် စိတ်ဝင်စားဖွယ် ခရီးသွားဆွဲဆောင်မှုများနှင့် ဝန်ဆောင်မှုများ ကောင်းမွန်စေဖို့ ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍမှာ ပါဝင်တဲ့ ဆက်စပ်ဌာနဆိုင်ရာများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ခရီးသွားပို့ဆောင်ရေး၊ စားသောက်ဆိုင်နှင့် MSME လုပ်ငန်းများ အားလုံး လူဦးရေ စုစုပေါင်း (၁၆၀)ဦးကျော် ပါဝင်တက်ရောက် ဆွေးနွေးမှာဖြစ်ပြီး၊ ဆွေးနွေးမှုများမှ မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရလဒ်များ ပေါ်ထွက် လာမှာဖြစ်ပြီး ကာလတို၊ ကာလရှည် လုပ်ငန်းများကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အနေဖြင့် တိုင်းဒေသကြီး အတွင်း ခရီးသွားလုပ်ငန်းဖြင့် ဝင်ငွေ တိုးတက်ရရှိစေရေးနှင့် Tourist Site ဖြစ်စေရေး အစီအမံ များဖြင့် ဆောင်ရွက်ခဲ့ရာမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ တည်းခိုမှုနှင့် ဝင်ငွေရရှိမှုများ တိုးတက်လာတာကို တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလမှဧပြီလအထိ ဟိုတယ်များတွင် တည်းခို နေထိုင်သူ ပြည်တွင်း(၄၅၇၆၀)ဦး၊ ပြည်ပ (၅၂၂)ဦး၊ ဝင်ငွေကျပ်(၇၆၉)သန်း ထိရရှိခဲ့ပြီး၊ ယခင် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၁၅)%တိုးတက်ခဲ့တာတွေ့ရှိကြောင်း၊ ကမ္ဘာ့ခရီးသွား ကဏ္ဍကို ကြည့်မယ်ဆိုရင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(UNWTO)ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့ခရီး သွားလုပ်ငန်းဟာဆိုရင် ၂၀၂၄ ခုနှစ်မှာ ခရီးသွား ဧည့်သည် ဝင်ရောက်မှု(၁.၄)ဘီလီယံ၊ အလုပ်အကိုင် အခွင့်အလမ်း (၃၅၇)သန်းရှိပြီး၊ ၂၀၂၅ ခုနှစ်မှာ (၅%)တိုးတက်မယ်လို့ ခန့်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ် ထုတ်ပြန်ကြေညာချက်အရ ခရီးသွား ဧည့်သည် ဝင်ရောက်မှု အများဆုံး(၁၀)နိုင်ငံမှာ ပြင်သစ် (၈၉.၄)သန်း၊ စပိန်(၈၃.၇)သန်း၊ အမေရိကန် (၇၉.၃)သန်း၊ တရုတ်(၆၅.၇)သန်း၊ အီတလီ (၆၄.၅) သန်း၊ တူရကီ (၅၁.၂)သန်း၊ မက္ကစီကို(၄၅)သန်း၊ ထိုင်း(၃၉.၈)သန်း၊ ဂျာမဏီ(၃၉.၆)သန်း၊ ယူကေ (၃၉.၄)သန်းဖြစ်ကြောင်းတွေ့ရှိရကာ၊ အများဆုံး (၁၀) နိုင်ငံထဲမှာ အာဆီယံနိုင်ငံများမှ ထိုင်းနိုင်ငံဟာ အဆင့်(၈)နေရာမှာ ပါဝင်ပြီး ဝင်ငွေဘတ် (၁.၆) ထရီလီယံ ရရှိခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်မှာ #အာဆီယံ နိုင်ငံများသို့ ခရီးသည်ဝင်ရောက်မှုဟာ(၁၂၁)သန်း လာရောက်ခဲ့တယ်လို့ ဖော်ပြထားရှိပါကြောင်း၊ #မြန်မာနိုင်ငံဟာ အာဆီယံ ခရီးသွားလုပ်ငန်းဆုများကို ၂၀၂၅ ခုနှစ် တွင် မလေးရှားနိုင်ငံ၊ ဂျိုဟောမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှဆု(၁၃) ဆုရရှိခဲ့ကြောင်း၊ ဆု(၁၃)ဆု အနက် မိမိတို့ မကွေးတိုင်းဒေသကြီး မှာဆိုရင်လည်း မကွေးကားကြီးကွင်းဟာ Public Toilet အာဆီယံဆုကို ရရှိခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်တွင်လည်း မကွေးမြို့ ကမ်းနားလမ်း Public Toilet ဟာ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၃ မှာလည်း ဆုရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းအတွင်း မှာရှိတဲ့ မြို့ရွာများကိုလည်း Clean City ၊ Clean Village ၊ Green City ဖြစ်အောင် ဆောင်ရွက်၍ ဆုများရရှိအောင် ကြိုးပမ်းအားထုတ် သွားရမှာဖြစ်ပါကြောင်း၊ ယနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေး ပွဲဟာ အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူအားလုံး ပါဝင်ဆွေးနွေးဆုံးဖြတ်တဲ့ All Inclusive Tourism Movement ဖြစ်တဲ့အတွက် ပါဝင်ဆွေးနွေးသူ အားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်းနှင့် ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြဖို့နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်သော ခရီးသွားလုပ်ငန်း ဖြစ်လာမည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က တက်ရောက် လာသည့် အဖွဲ့အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အဖွဲ့(၆)ဖွဲ့ခွဲ၍ ခေါင်းစဉ်(၆)ခု ဖြစ်တဲ့ ခရီးစဉ် ဒေသများ သန့်ရှင်းသာယာလှပရေးနှင့် ခရီးစဉ်များရောင်းချနိုင်ရေး၊ဟိုတယ်၊ တည်းခိုရိပ်သာ (မိုတယ်)နှင့် တည်းခိုခန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝန်ဆောင်မှုကောင်းမွန်စေရေး၊ စားသောက်ဆိုင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လုံခြုံစိတ်ချမှုရှိသော ခရီးစဉ်သစ်ဖြစ်ပေါ် စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ Digital Marketing နည်းလမ်းဖြင့် ခရီးစဉ်ဒေသများ မြှင့်တင်ဆောင်ရွက်ရေး ခေါင်းစဉ်များဖြင့် ဆွေးနွေးကြမှာ ဖြစ်ကြောင်း ပြောကြားကာ၊ အလုပ်ရုံဆွေးနွေးပွဲကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။