မကွေး မေ ၂၈
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(၅/၂၀၂၅) အစည်းအဝေးကို မေလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် လျှောက်ထားလာသော ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတည်ပြုမိန့် စိစစ်ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍစုံမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိရေးကို အထူးအလေးထားကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ မိမိတို့ မကွေးတိုင်းဒေသကြီးကို တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်ဝင်ရောက်လာမည် ဆိုပါက ဒေသခံ ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ GDP နှင့် လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ သွင်းကုန် အစားထိုးကုန်ပစ္စည်းထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အသစ်များ ဝင်ရောက်လာစေရေး၊ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုများ အောင်မြင်စွာ လုပ်ငန်း ဆောင်ရွက် နိုင်စေရေးတို့ကို အလေးပေး ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များ အနေဖြင့် နိုင်ငံ့စီးပွားရေးကို အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖော်ထုတ်မြှင့် တင်ပေးကြရန်၊ ခွင့်ပြုပြီး ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၎င်းတို့ရသင့်ရထိုက်သည့် အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်/ သက်သာခွင့်များနှင့် အခြားသော အခွင့် အလမ်းများ ရရှိစေရေး ကူညီဆောင်ရွက် ပေးကြရန်၊ ရင်းနှီးမြှုပ်နှံသူများ လိုက်နာရမည့် တာဝန်နှင့် ဝတ္တရားများကို တိတိကျကျ သိရှိလိုက်နာ နိုင်စေရေး ကြီးကြပ်ပေးကြရန်၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျရာကဏ္ဍများကနေ ညီညီညွတ်ညွတ် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက် ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလာသည့် မြန်မာနိုင်ငံသား စက်မှုလုပ်ငန်း ၁ ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၁.၇၈၀ သန်းအပါအဝင် မြန်မာကျပ်ငွေ ၅၉၀၄.၉၅၀ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၁ နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်း ဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းများအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်း ရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ ၁ လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။