မကွေး မေ ၂၉
၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ မကွေးတက္ကသိုလ်၊ ဥပဒေပညာဌာန၏(၂၅)နှစ်မြောက် ငွေရတု အခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက မကွေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မကွေးတက္ကသိုလ်ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းရေးရာနှင့် စီမံ/ဘဏ္ဍာဌာနမှ အရာရှိများ၊ ကျောင်းသား ကျောင်းသူဟောင်း များနှင့် မျိုးဆက် သစ် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက ဥပဒေပညာ ဌာနပိုင် ငွေရတုအထိမ်းအမှတ် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၀၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ မကွေးတက္ကသိုလ်ဟာ ယခု ၂၀၂၅ ခုနှစ်ဆိုရင် (၂၅)နှစ်ပြည့်မြောက်ခဲ့ပြီး ယခုလို(၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းဟာ ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်ပါကြောင်း၊ ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခု ဖြစ်သည့် အပြင် နိုင်ငံသားများ၊ ပြည်သူများ မဖြစ်မနေသိရှိ လိုက်နာ စောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် လည်းဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို နိုင်ငံသူ၊ နိုင်ငံသား အားလုံးတို့သာမက ယင်းနိုင်ငံ၏ နယ်နိမိတ်အတွင်း ရောက်ရှိနေကြသည့် နိုင်ငံသားမဟုတ်သူများပါ လေးစားလိုက်နာ ကြရမှာဖြစ်ပါကြောင်း၊ ဥပဒေများ ရေးဆွဲပြဋ္ဌာန်းကြရသည့် အဓိကရည်ရွယ်ချက် များမှာ နိုင်ငံနှင့် လူ့အဖွဲ့အစည်းတည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ အကျိုးစီးပွားဖြစ်ထွန်းရေးစတဲ့ ကောင်းရာ ကောင်းကျိုးများ အတွက်ပင်ဖြစ်ကြောင်း၊ လူအများ သတိမမူမိကြသည့်အချက်မှာ တရားဥပဒေ သည် နေရာတိုင်းတွင် ရှိနေပြီး မိမိတို့၏ နေ့စဉ်လူမှုဘဝများကို စောင့်ရှောက်ပေးနေသည် ဆိုသော အချက်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာမှာ ဥပဒေ ပညာရှင်များဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေပြီး၊ ဒီလိုအရေးပါတဲ့ ဥပဒေပညာရှင်များကို မွေးထုတ်ပေးနေတဲ့ မကွေးတက္ကသိုလ်ရဲ့ (၂၅)နှစ်ပြည့် ငွေရတုသမိုင်းကလည်း ဂုဏ်ယူစရာ ကောင်းပါကြောင်း၊ မကွေးတက္ကသိုလ်သမိုင်းအစကို ပြန်ကြည့်ရင် ၂၀၀၀- ၂၀၀၁ ပညာသင်နှစ်မှာ မကွေး တက္ကသိုလ်၊ ဥပဒေပညာဌာနသည်ပင်မဆောင်တွင် စတင်သန္ဓေတည်ခဲ့တာ တွေ့ရပြီး၊ ဥပဒေ ပညာဌာနသည် ဥပဒေဘာသာရပ်ကို သင်ကြား ပို့ချပေးခဲ့ရာ ဘွဲ့ကြိုသင်တန်း၊ အရည်အချင်းစစ် သင်တန်း၊ မဟာဘွဲ့သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပို့ချပေး လျက်ရှိပါကြောင်း၊ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသူတွေအတွက် စီးပွားရေးအသိအမြင်တွေ ရရှိ တိုးပွားစေဖို့ ရည်ရွယ်ပြီး စီးပွားရေးဥပဒေ (Certificate in Business Law) လက်မှတ်ရ သင်တန်းတွေကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဥပဒေ ဘွဲ့ရ ကျောင်းသား ကျောင်းသူတွေဟာ တိုင်းပြည်ရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းရည်ပြည့်ဝတဲ့ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များအဖြစ် ကဏ္ဍပေါင်းစုံမှာ ပါဝင်ဆောင်ရွက်အကျိုးပြု နေကြတာကို တွေ့ရှိရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း၊ မကွေးတက္ကသိုလ်၏ ဥပဒေပညာဌာနသည် သက်တမ်းနှစ်(၂၅)ပြည့် ငွေရတုတိုင်ခဲ့ပြီဖြစ်ရာ နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံထူးချွန်တဲ့ လူတော်လူကောင်းများ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီးတော့လည်း မိမိတို့ရဲ့ပညာရပ်ကို တန်ဖိုးထား ဂုဏ်ယူတတ်တဲ့ ပညာတတ်မျိုးဆက်သစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်တဲ့ ဥပဒေပညာဌာနအဖြစ် နှစ်(၂၅)ပြည့်ငွေရတုမှစပြီး ရတုအဆက်ဆက် တိုင်အောင် ထာဝရဆက်လက် အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေကြောင်း ဆုမွန်စကားပြောကြားသည်။
ဆက်လက်၍ မကွေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်ကေခိုင်က ငွေရတု အထိမ်းအမှတ်နှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး၊ မကွေးတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ၊ ဌာနမှူးဒေါက်တာခင်ဆွေဦးက ဥပဒေပညာဌာန ပြောင်းလဲတိုးတက်လာပုံကို ရှင်းလင်း တင်ပြကာ၊ ဥပဒေပညာဌာန၏ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ ယနေ့အထိ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဗွီဒီယို ပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် တင့်လွင်က မကွေးတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခဌာနမှူး ဆရာမကြီး ဒေါက်တာခင်ဆွေဦးအား(၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင် ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ တက်ရောက်လာကြသည့် ဥပဒေ ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ကျောင်းသားဟောင်း တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။