မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် မျက်စိခွဲစိတ် ကုသမှုခံယူနေသည့် မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် မျက်စိခွဲစိတ် ကုသမှုခံယူနေသည့် မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေး

မကွေး ဇွန် ၁၈

          သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ၏ ဩဝါဒကို ခံယူ၍ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အနန္တစေတနာ ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်နှင့် တောင်တွင်း ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စက္ခုအလင်း၊ သွားနှင့် ခံတွင်း ဝေဒနာရှင်တို့အား ကျန်းမာရေး စစ်ဆေးမှု ကုသိုလ်ပြုအလှူတော်ကို ဒုတိယအကြိမ်အဖြစ် ခွဲစိတ်ရန်လိုအပ်သော မျက်စိ အတွင်းတိမ် လူနာ(၅၂၅)ဦးကို ဇွန်လ ၁၇ ရက် နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ မကွေးပြည်သူ့ ဆေးရုံကြီး၊ မကွေးသင်ကြားရေးဆေးရုံကြီးနှင့် မင်းဘူးပြည်သူ့ဆေးရုံကြီးတို့တွင် မျက်စိဝေဒနာရှင်များအား ခွဲစိတ် ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူ များသည် မကွေးပြည်သူ့ဆေးရုံကြီးတွင် မျက်စိခွဲစိတ်ကုသမှုခံယူနေသည့် မျက်စိဝေဒနာ ရှင်များအား တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ၊ ထောက်ပံ့ငွေနှင့် မျက်မှန်များလှူဒါန်း ပေးခဲ့သည်။

          တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိစဉ် ဆေးရုံကြီးတို့မှ ဆရာ၊ ဆရာမကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောင်မြင်စွာကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးခဲ့ကြတဲ့ မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မကွေးပြည်သူ့ ဆေးရုံကြီး၊ မကွေးသင်ကြားရေးဆေးရုံကြီးနှင့် မင်းဘူးပြည်သူ့ ဆေးရုံကြီးတို့မှ ဆရာ၊ ဆရာမကြီး များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာဝန်ထမ်းများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားကာ၊ ဂုဏ်ပြုလက်ဆောင်များပေးခဲ့သည်။

          “ကျန်းမာရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍရပ်များတွင် တစ်ဖက်တစ်လမ်းမှ အများအကျိုးပြုနိုင်သောလူမှုအဖွဲ့အစည်းဖြစ်ရမည်” ဆိုသည့် အနန္တစေတနာ ဖောင်ဒေးရှင်း၏ ဆောင်ပုဒ်အတိုင်း မကွေးတိုင်းဒေသအတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယခုနှစ် မတ်လက မင်းဘူးပြည်သူ့ ဆေးရုံကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးနှင့် မကွေးသင်ကြားရေး ဆေးရုံကြီးတို့တွင် ပထမဦးစားပေး ခွဲစိတ်ရန် လိုအပ်သော မျက်စိအတွင်းတိမ်လူနာ (၂၅၄) ဦးကို ကျွမ်းကျင်သော မျက်စိခွဲစိတ်ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် ပထမအကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသမှုများပေးနိုင် ခဲ့ပြီး၊ ယခုအခါ ဒုတိယအကြိမ်အဖြစ် ခွဲစိတ်ရန်လိုအပ်သော မျက်စိအတွင်းတိမ်လူနာ (၅၂၅) ဦးကို မျက်စိ ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း