မကွေး ဇွန် ၂၅
မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးတွင် မြန်မာမြို့ပြအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်အသင်း(MDA)မှ တာဝန်ယူဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီး ခုတင်(၅ဝဝ) ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့်မြှင့်တင်ရန်တိုးချဲ့ (၅)ထပ်ကုသဆောင်အသစ် (၁၇၄' x ၁၈ဝ)RC ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဇွန် ၂၅ ရက်နေ့ နံနက် ၈ နာရီက တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း ကုသဆောင်အသစ်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီးတို့က သတ်မှတ်နေရာ အသီးသီး တွင်နေရာယူကာ မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ခြင်းမင်္ဂလာဆောင်ရွက်ခဲ့ပြီး၊ ပန္နက်ရိုက် နေရာများကို အမွေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တိုင်းပြည်သူ့ဆေးရုံကြီး ဧည့်ရိပ်သာတွင် မကွေးတိုင်းဒေသကြီး ခုတင်(၅ဝဝ)ဆံ့ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့ ဆေးရုံအဆင့် မြှင့်တင်ရန် တိုးချဲ့(၅)ထပ် ကုသဆောင်အသစ် (၁၇၄' x ၁၈ဝ)RC ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မြန်မာမြို့ပြအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်အသင်း(MDA)မှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြ ခဲ့ကြပြီး၊ တည်ဆောက်ရေးဆိုင်ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ် ဌာနများနှင့် ဆွေးနွေးညှိနှိုင်းကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။