မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးမြို့တွင်(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မကွေးမြို့တွင်(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မကွေး ဇွန် ၂၆

          (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန်လ ၂၆ ရက် ယနေ့နံနက်(၈)နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းနိုင် ညွန့်၊ တိုင်းဒေသကြီးတရာလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။

          အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်ကက ကမ္ဘာ့မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် ဇွန်လ(၂၆)ရက်နေ့ကို သတ်မှတ်ပြီး မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးနည်းတူ နှစ်စဉ်ကျင်းပခဲ့တာ (၃၈)ကြိမ်ရှိပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာဟာ နိုင်ငံ တစ်နိုင်ငံ လူမျိုးတစ်မျိုးအနေနဲ့သာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာ မျိုးမဟုတ်ဘဲ နိုင်ငံတိုင်း လူမျိုး တိုင်း လူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ အကျုံးဝင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာဖြစ်ကြောင်း၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏ အန္တရာယ်ကို ကာကွယ်တိုက်ဖျက်နိုင်ဖို့ အတွက် ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်ထုအတွင်း အသိပညာပေး လှုံ့ဆော်ခြင်းလုပ်ငန်းနဲ့ ပညာပေးစည်းရုံးခြင်း လုပ်ငန်းတွေကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ အထိမ်း အမှတ် အခမ်းအနားမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တို့အား ဂုဏ်ပြုလက်မှတ်နဲ့ဆုငွေများ ချီးမြှင့်ပေးသွား မှာဖြစ်ပါ ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စုတို့မှ မူးယစ်စိတ်ပြောင်း ဆေးဝါးအမှုပေါင်း(၉၉)မှု၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းသုံး ထောင်ကျော်ရှိ စိတ်ကြွရူးသွပ်ဆေးပြား (၅၇၃,၆၇၈)ပြား၊ ဆေးခြောက်(၁.၆၁၈၅)ကီလို၊ ဘိန်းဖြူ (၀.၃)ကီလို၊ ဘိန်း(၀.၂၁၁)ကီလို၊ တို့ကို (ကျား) တရားခံ (၁၆၇)ဦး၊ (မ)တရားခံ(၂၀)ဦး စုစုပေါင်း တရားခံ (၁၈၇)ဦးနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ ထို့အတူ တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စုတို့မှ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် မေလအထိ ဖမ်းဆီးရမိ မူးယစ်စိတ်ပြောင်း ဆေးဝါးများအနက် တရားရုံးပြီးပြတ် အမှုများနဲ့ တရားရုံး ကြိုတင်ခွင့် ပြုမိန့်ရရှိပြီး အမှုပေါင်း(၁၀၂)မှုမှ ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သိန်းခြောက် သောင်းသုံးထောင် ကျော်ရှိ စိတ်ကြွဆေးပြား (၁၀,၅၂၈,၈၁၃) ပြား၊ ဘိန်း(၀.၂၈၃၉)ကီလို၊ ဘိန်းဖြူ (၀.၀၄၂၈)ကီလို၊ ဆေးခြောက်(၂၀.၇၀၄၉၁) ကီလို၊ ဘိန်းရည် ၀.၃၉ လီတာ၊ ဟိုက်ဒြိုကလိုရစ်အက်စစ် ၅၉.၉၂၅ လီတာ တို့ကို မီးရှို့ဖျက်ဆီး ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ သွားရောက် အပ်နှံခဲ့ပြီး ယနေ့ မနက်ပိုင်း၊ မန္တလေးမြို့မှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ ဖမ်းဆီးရမိ မူးယစ်စိတ်ပြောင်း ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲမှာ ထည့်သွင်းဖျက်ဆီးလျက် ရှိပါကြောင်း၊ ဒီနေ့အခမ်း အနားမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းတွင်စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်မှ (၁၆)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၁၆)ဦး နှင့် ပြည်သူစစ်မှ(၁)ဦး၊, စုစုပေါင်း(၃၃)ဦးတို့ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဆုငွေများချီးမြှင့် ပေးသွားမှာဖြစ်ပါကြောင်း၊ မူးယစ် ဆေးဝါးအန္တရာယ်ကို ပပျောက်အောင် ဆောင်ရွက်ရာမှာ လူသားအားလုံးက လက်တွဲ ပူးပေါင်းဆောင် ရွက်ကြမှသာလျှင် ယင်းအန္တရာယ်ဆိုးကြီးမှ လွတ်ကင်း နိုင်မည်ဖြစ်သလို၊ မူးယစ်ဆေးဝါး အန္တရာယ် ဟာဆင်းရဲချမ်းသာမရွေး၊ နိုင်ငံကြီးငယ်မရွေး၊ အန္တရာယ်ပေးလျှက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာသည် လူသားထု တစ်ရပ်လုံး၏ ပြဿနာဖြစ်သည့်အတွက် မူးယစ်ဆေးဝါး အမြစ်ပြတ် တိုက်ဖျက်ချေမှုန်းရေးကို ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန် အဖြစ်ခံယူပြီး ပူးပေါင်းဆောင် ရွက်သွားကြရန် အထူး လိုအပ်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ ထံမှ ပေးပို့သည့် သဝဏ်လွှာကို မကွေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းက ဖတ်ကြားသည်။

          ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုအား ပြသကာ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် တပ်မတော်သားမှ(၁၆)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ(၁၆)ဦးနှင့် ပြည်သူစစ်မှ(၁)ဦး၊ စုစုပေါင်း(၃၃)ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အကြီးအကဲများ ဆုရရှိသူများ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ ကြသည်။

 

          ဆုချီးမြှင့်ပွဲအပြီးတွင် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြို့တော်ခန်းမအတွင်း အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့်အသိပညာပေးပြခန်းအား လိုက်လံအားပေး ကြည့်ရှုခဲ့ကြကြောင်း သိရှိ ရသည်။

နောက်ဆုံးရ သတင်း