မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စကုမြို့ရှိ မိုးလုံလေလုံ အားကစားခန်းမအသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စကုမြို့ရှိ မိုးလုံလေလုံ အားကစားခန်းမအသစ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး ဇွန် ၂၇

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ မိုးလုံလေလုံ အားကစား ခန်းမအသစ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက် နံနက်ပိုင်းက စကုမြို့မ အားကစား ကွင်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ခဲ့သည်။

          ဦးစွာ အခမ်းအနားတွင် စကုမြို့ မိုးလုံလေလုံ အားကစားခန်းမအသစ်အား မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအေးလွင်နှင့် ဒေသခံမြို့မိမြို့ဖ တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင်အားဖြည့်ကူညီ ပေးခဲ့သည့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

          ဆက်လက်ပြီး ခန်းမအတွင်း၌ မိုးလုံလေလုံ အားကစားခန်းမအသစ်အား ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲကို ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် အားကစားအောင်မြင်မှုဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်ရေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် များမှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော အနာဂါတ် မျိုးဆက်သစ် လက်ရွှေစင် အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရေးစသည့် မြင့်မားသော မြန်မာ့ အားကစား ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ယခုလို (B)အဆင့်ရှိ အားကစားရုံအသစ်ကြီးကို ဆောက်လုပ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုအားကစားရုံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုငွေ ၃၇၀ ဒသမ ၆၅၆ ကျပ်သန်းဖြင့် ဆောက်လုပ်ခွင့် ပြုပေးခဲ့ကြောင်း၊ အဆိုပါအဆောက်အဦ၏ အရွယ်အစားမှာ အလျားပေ ၁၂၀၊ အနံပေ ၆၀နှင့် အမြင့်ပေ ၂၈ ပေ ၉ လက်မရှိကာ အတွင်းပိုင်း၌ ရုံးခန်းတစ်ခန်း၊ အဝတ်လဲခန်း နှစ်ခန်းနှင့် သန့်စင် ခန်းများ ပါဝင်သည့်အပြင် အပြင်ဘက်၌ စက်ရေတွင်း၊ ရေစက်ရုံ၊ မြေအောက်ရေစုကန်နှင့် အမြင့် သံရေစင်များလည်း ပါဝင်ကြောင်း၊ ထို့အပြင် ဘောလုံးအားကစားကွင်းကြီးအတွင်းရှိ ပွဲကြည့်စင် ကိုလည်း ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်က ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဒါကြောင့် မြို့မိမြို့များ၊ အားကစားကော်မတီဝင်များနှင့် ဒေသခံပြည်သူများက အားကစားရုံကြီး ရည်ရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ခြင်း၊ အားကစားရုံ ပတ်ဝန်ကျင်း သန့်ရှင်း သာယာလှပစေရေး၊ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးရေးလုပ်ငန်းများနှင့် နွေရာသီ အားကစား သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများ၊ ကျွမ်းကျင်နည်းပြများနှင့် ပူးပေါင်းပြီး အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြစေလို ကြောင်းပြောကြားသည်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းအောင်က စကုမြို့ရှိ မိုးလုံလေလုံ အားကစား ရုံအသစ်အား တည်ဆောက်ပေးနိုင်ခဲ့မှုနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ အားကစားရုံအတွင်း ထည့်သွင်း ကျင်းပနိုင် မည့် Indoor အားကစားနည်းများ၊ မြို့၊ ရွာ၊ ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဒေသဖွဲ့ဖြိုးရေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကာ ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်ငန်းလွှဲပြောင်း မှတ်တမ်းဖိုင်အား တိုင်းဒေသကြီးဦးစီးမှူးထံ လွှဲပြောင်းပေးအပ်၍ အားကစားရုံအသစ် ဆောက်လုပ်ပေးမှုအပေါ် ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စကုမြို့ အားကစားကော်မတီထံ အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး၊ တိုင်းဒေသကြီးရိုးရာခြင်းလုံးအဖွဲ့၏ ရိုးရာ ခြင်းလုံးနှင့် တစ်ပင်တိုင် သရုပ်ပြ ခြင်းအလှခတ်ကစားပြခြင်းများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရိုးရာခြင်းလုံးအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

နောက်ဆုံးရ သတင်း