မကွေး ဇူလိုင် ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်၊ ဇူလိုင်လ ၉ ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ မကွေးမြို့ပေါ်ရှိ ကျောင်းတိုက် (၉၈) ကျောင်းမှ သံဃာတော်အရှင် သူမြတ်တို့အား လှူဖွယ်ဝထ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ(၁၀၆၂)စုံ စုစုပေါင်း တန်ဘိုးငွေကျပ်(၈၄,၁၉၇,၅၀ဝိ/-) သိန်းတို့ကို စုပေါင်း ဆက်ကပ် လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဦးစွာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဆရာတော်သံဃာတော်များ၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ် ခဲ့ပြီး၊ နိုင်ငံတော်သြဝါဒါစရိယ၊ မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ သံဃာတော်အရှင်သူမြတ် တို့ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်ကြီးနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှူအစုစုတို့အား သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် လှူဖွယ်ဝတ္ထု ပစ္စည်းတန်ဘိုး စုစုပေါင်းလှူဒါန်းငွေကျပ် (၈၄,၁၉၇,၅၀၀/ိ-) သိန်းအား ဖတ်ကြားကြေညာကာ၊ မြသလွန်သြဝါဒါစရိယ၊ မကွေးမြို့ မဟာဓမ္မိကာရာမတိုက် ပဓာနနာယက ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာ ပဏ္ဍိတ)ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး၊ “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ပင့်ဖိတ်သည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။