မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အစိုးရနည်းပညာအထက်တန်း ကျောင်း(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အစိုးရနည်းပညာအထက်တန်း ကျောင်း(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၁၀

          အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(မကွေး)မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) ၏ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် ပထမနှစ်သင်တန်းကို တက်ရောက်ခွင့်ရရှိကြတဲ့ ကျောင်းသား/ ကျောင်းသူများအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားဖြစ် ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအရ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်(၅၁)ခု၌ အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာ အထက်တန်းကျောင်း များတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များကို ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းပေါင်း(၅၁) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းပေါင်း (၃၅)ကျောင်း ထပ်တိုး ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းပေါင်း (၈)ကျောင်း ထပ်မံဖွင့်လှစ် နိုင်ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းမှာ အစိုးရနည်းပညာအထက် တန်းကျောင်း(မကွေး)နှင့် (ပခုက္ကူ)တို့၌ ခရိုင်တူကျောင်းများ အဖြစ်နှင့် အခြေခံပညာအထက်တန်း ကျောင်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို တွဲဖက်သင်ကြားနေသည့် စကု၊ မြေပြင်သာ၊ သရက်၊ ပြလို့၊ ဂွေးချို စုစုပေါင်း(၇)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(မကွေး)မှာ ပထမနှစ်သင်တန်းကို တက်ခွင့်ရကြတဲ့ သားတို့၊ သမီးတို့(၁၈၀)ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဝမ်းပန်း တသာ ဂုဏ်ယူစွာနဲ့ နွေးထွေးစွာကြိုဆိုပါကြောင်း၊ ယခုလို ဒီကျောင်းတော်မှာ ပညာတွေသင်ယူကြပြီးတော့ ထူးချွန်ထက်မြတ်တဲ့ လူတော်လူကောင်း များဖြစ်လာအောင် ကြိုးပမ်းပြီး သင်ယူကြတဲ့အခါမှာ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေတဲ့ ပညာ ရပ်တွေကို ကြိုးစားပြီး သင်ယူရင်း အသိပညာတိုးပွားအောင် ပညာသင်ယူနေစဉ် ကာလ တစ်လျှောက် လေ့လာသင်ယူကြပြီး ကြိုးစားကြဖို့ မှာကြားလိုကြောင်း၊ အစိုးရနည်းပညာအထက် တန်းကျောင်း(မကွေး)မှာ ပုံမှန်(၃)နှစ် သင်တန်းများဖြစ်တဲ့ အဆောက်အဦ၊ လျှပ်စစ်၊ အီလက် ထရောနစ်၊ မော်တော်ယာဉ်၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ သုတနည်းပညာဘာသာ ရပ်များကို ယခုစာသင်နှစ်တွင် စုစုပေါင်း ကျောင်းသား/ သူဦးရေ (၄၂၂)ဦး တက်ရောက် ပညာသင်ကြားနေတယ်လို့သိရပြီး၊ ကျောင်းစတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ပုံမှန်သင်တန်း ဆင်းဦးရေ(၁၀၁၅)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး၊ ၎င်းတို့ထဲမှ B.E သင်တန်းသို့ (၂၃၄)ဦးနှင့် AGTI သင်တန်းသို့(၁၀၆)ဦး ဆက်လက်တက်ရောက်ခွင့် ရရှိခဲ့တယ်ဆိုတာ သိရကြောင်း၊ ပုံမှန်သင်တန်းများ အပြင် ဒေသလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကာလတို သက်မွေးပညာသင်တန်းများ ကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး ကာလတိုသင်တန်းပြီးမြောက်သူ(၇၂၉)ဦးအထိ မွေးထုတ် သင်ကြားပေး နိုင်ခဲ့ပါကြောင်း၊ ယခုတက်ခွင့် ရရှိတဲ့ (၂၀၂၅-၂၀၂၆)ပညာသင်နှစ်မှစပြီး GTHS (၃)နှစ် ပြီးဆုံးအောင်မြင်ပြီးတဲ့ အချိန်မှာ အဆင့်မြင့် အောင်ဖြင့် အောင်မြင်ခဲ့မည်ဆိုလျှင် နည်းပညာ တက္ကသိုလ် များရှိ B.E သင်တန်းနှင့် အစိုးရ နည်းပညာကောလိပ်များရှိ B.Tech သင်တန်းတို့ကို တက်ရောက်ခွင့် ရရှိကြမှာဖြစ်သလို အထူးအောင်ဖြင့် အောင်မြင်ခဲ့ပါက အစိုးရစက်မှုလက်မှု သိပ္ပံများရှိ AGTI ဒီပလိုမာ သင်တန်းကိုလည်း ဆက်လက် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မှာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)ကျောင်းအုပ်ကြီး ဦးခင်မောင် ညွန့်က ပထမနှစ် ကျောင်းသားဝင်ခွင့်အား တင်ပြကာ၊ မောင်မယ်သစ်လွင်များအား ကြိုဆိုစကား ပြောကြားခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများက ဖန်ခါးမြေမှဖိတ်ခေါ်သံ၊ ပြည်ထောင်စုရဲ့ ထာဝရအလှ၊ မျှော်လင့် နေတုန်းပျိုဖုန်းလှမ်းခဲ့ပါနှင့် တောင်ယာဝင်ချိန် စသည့် တေးသီချင်းများနှင့် တိုးနယားအက တို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

          ထို့နောက် ဒုတိယနှစ် ကျောင်းသားတစ်ဦးမှ ပထမနှစ် မောင်မယ်သစ်လွင်များအား ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားကာ၊ ပထမနှစ် ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်း၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း