မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

မကွေး ဇူလိုင် ၁၁

          မကွေးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံ ဇာတများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတု မျှတရေး၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်း ခြင်းတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်ချက်များဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲများကို ဆောင်ရွက်လျက်ရှိပြီး၊ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မကွေး-ရေနံချောင်းလမ်း မိုင်တိုင် (၃၅၇/၅)မိုင်ရှိ Greening Complex ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ချောက်ခရိုင်အုပ်ချုပ် ရေးမှူး၊ ရေနံချောင်း မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနဲ့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေး၊ ဂေဟစနစ် ကောင်းမွန်မျှတစေရေးနဲ့ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး အတွက်ရည်ရွယ်ပြီး နှစ်စဉ်မိုးရာသီကာလတွေမှာ သစ်ပင်စိုက်ပျိုး ပွဲတော်တွေကို နိုင်ငံတော်က ဦးစီးဦးဆောင်လုပ်ပြီး နိုင်ငံနဲ့ တစ်ဝန်း ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ဒီကနေ့ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် အဓိကရည်ရွယ်ပြီး ပြည်သူလူထု လှုပ်ရှားမှု အသွင်ဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ နံနက် ၇ နာရီ အချိန်က စပြီးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၅) မြို့နယ်မှာ တစ်ချိန်တည်း ကျင်းပပြုလုပ်ကာ၊ အပင်ပေါင်း ၁၇၁၅၀ ပင်ကို တစ်ပြိုက်တည်း သစ်ပင်စိုက်ပျိုးနေတာဖြစ်ပါကြောင်း၊ ရေနံချောင်း မြို့နယ် သစ်ပင် စိုက်ပျိုးပွဲမှာလည်း အပူပိုင်းဒေသ မျိုးရင်း သစ်မျိုး (၇) မျိုး၊ သစ်ပင်ပေါင်း(၄,၀၀၀)ကို စိုက်ပျိုးသွားမှာ ဖြစ်သလို၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး များမှာရှိတဲ့ အပူပိုင်းခရိုင် (၁၃)ခု၊ မြို့နယ်(၂၉) ခုမှာ လည်း သစ်ပင်စိုက်ပွဲတော်များကို တစ်ပြိုင်တည်း ကျင်းပ ဆောင်ရွက်နေတာဖြစ်ပြီး သစ်ပင်စုစုပေါင်း (၃၄,၇၅၀)ကို စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေ မြင့်မားတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်နေပြီး၊ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း အပူလှိုင်း ဖြတ်သန်း မှုကြောင့် ချောက်မြို့၊ မင်းဘူးမြို့ ၊ ညောင်ဦးမြို့နဲ့ စစ်ကိုင်းမြို့များ ဟာကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း လက်ရှိအချိန်မှာ သဲကန္တာရဖြစ်ထွန်းမှု မရှိသေးသော်လည်း ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ မိုးခေါင်ရေရှားမှုနှင့် ပြင်းထန်တဲ့ အပူချိန်မြင့်တက်မှုတွေကို ကြုံတွေ့နေရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရိုင် ၁၃ ခု၊ မြို့နယ် ၅၃ ခု၊ ဧရိယာဧက ၁၉ ဒသမ ၅၄ သန်းဟာ မိုးနဲရပ်ဝန်းဒေသ၊ အပူပိုင်းလွင်ပြင်မှာ ပါဝင်လျက်ရှိပြီး အပူဒဏ်ကိုအများဆုံး ထိတွေ့ ခံစားရတဲ့ ဒေသများဖြစ်ပါကြောင်း၊ နှစ်စဉ်မိုးရွာသွန်းမှု အခြေအနေဟာဆိုရင်လည်း အခြားဒေသများနဲ့ နှိုင်းယှဉ်ရင် သိသာစွာလျော့နည်းပြီး ဒေသတစ်ခုလုံးရဲ့ နှစ်စဉ်ပျမ်းမျှမိုးရေချိန်ဟာ လက်မ(၄၀) အောက်သာရှိကြောင်း၊ မြေဆီလွှာ အတန်းအစားကျဆင်း လာပြီး သဲပါဝင်မှု ၈၀ ရာခိုင်နှုန်း ကျော်လာကာ သဲမြေအမျိုးအစားအဖြစ် ပြောင်းလဲလာခြင်း၊ မြေဆီလွှာအငန်ဓာတ်များပြီး ဆားပေါက်မြေများ ဖြစ်ပေါ်လာခြင်း၊ မြေဆီအာဟာရဓာတ်များ လျော့နည်းလာခြင်းနှင့် မြေဆီလွှာတိုက်စားခြင်းတို့ ဖြစ်ပေါ်လာလျက်ရှိတာတွေ့ရကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး၊ အပူဒဏ်လျော့ပါး သက်သာစေရေးနဲ့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာစေရေး အတွက် သစ်ပင်စိုက်ပျိုးထိန်းသိမ်း ခြင်းလုပ်ငန်းများကို အရှိန်အဟုန်နဲ့ စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ခရိုင်(၅)ခုဖြစ်တဲ့ ချောက်ခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ အောင်လံခရိုင်၊ သရက်ခရိုင်တို့ရှိ မြို့နယ်အသီးသီးတို့မှာ သစ်တော စိုက်ခင်းမျိုးစုံ ၁၈,၉၀၉ ဧက၊ အပင်ပေါင်း ၁၃.၆၄ သန်း စိုက်ပျိုး နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးပြီးတဲ့ သစ်ပင်များကို တစ်ပင် စိုက်လျှင် တစ်ပင် ရှင်သန် အောင်မြင်အောင် ပြုစုထိန်းသိမ်းဆောင်ရွက်သွားဖို့ အလေးအနက်မှာကြားလိုကြောင်း၊ သစ်တောများ တည်ရှိရှင်သန် နေခြင်းဟာ အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွားနှင့် အနာဂတ်၏ ဖွံ့ဖြိုးမှုဖြစ်တဲ့ အတွက် စနစ်တကျပြုစုထိန်းသိမ်းဖို့ အရေးကြီးသလို၊ သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းခြင်းဟာ နိုင်ငံရဲ့ ကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ခြင်းလည်း ဖြစ်ပါကြောင်းနှင့် အပူပိုင်းဒေသအတွင်း အပူချိန်မြင့်မားမှု လျှော့ချနိုင်ရေး၊ သဲကန္တာရဖြစ်ပေါ်လာမှုများ တားဆီးကာကွယ်ရေးနဲ့ ရာသီဥတု မျှတကောင်းမွန်စေရေးအတွက် အရှိန်အဟုန် မြှင့်တင် ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများက စိုက်ပျိုးမည့် ပျိုးပင်များအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး၊ တက်ရောက်လာသူများနှင့် အတူ Greening Complex ရှိ မြေဧရိယာ (၁၃.၃)ဧကပေါ်တွင် ဖျောက်ဆိပ်၊ တမာ၊ ပဲချယ်ရီ၊ မယ်ဇလီ၊ ဒဟတ် စသည့် ပျိုးပင်ပေါင်း (၄၀၀၀)အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးကာ၊ အဆိုပါဧရိယာအတွင်း သစ်ပင်စိုက်ပျိုးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည်လည်အားပေးကြည့်ရှ၍ သစ်ပင်စိုက်ပျိုးပွဲ တက်ရောက် လာသူများအား စားသောက်ဖွယ်ရာမုန့်၊ အချိုရည်နှင့် သောက်ရေသန့်ဘူးများ ပေးဝေ ခဲ့သည်။

          ထို့အတူ တိုင်းဒေသကြီးအတွင်း ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်များတွင် မကွေး မြို့နယ်၌ တမာ၊ ဖျောက်ဆိပ်၊ သင်္ဘောကုက္ကို၊ ယူကလစ်၊ ပန်းမဲဇလီ သစ်မျိုးစုံ ၂၇၀၀ ပင်၊ ရေနံချောင်းမြို့နယ်၌ ဖျောက်ဆိပ်၊ တမာ၊ ပဲချယ်ရီ၊ မဲဇလီ၊ ဒဟတ် သစ်မျိုးစုံ ၄၀၀၀ ပင်၊ ချောက်မြို့နယ်၌ တမာ၊ ဖျောက်ဆိပ်၊ ပဲချယ်ရီ၊ ပိတောက် သစ်မျိုးစုံ ၄၀၀၀ ပင်၊ မြို့သစ်မြို့နယ်၌ ပဲချယ်ရီ၊ တမာ၊ စိန်ပန်း သစ်မျိုးစုံ ၆၀၀၊ တောင်တွင်းကြီးမြို့နယ်၌ ယင်းမာ၊ တမာ၊ ယူကလစ်၊ ဖျောက်ဆိပ်၊ ပန်းမဲဇလီ သစ်မျိုးစုံ ၆၀၀ ပင်၊ မင်းဘူးမြို့နယ်၌ ယူကလစ်၊ ပိတောက်၊ တမာ၊ ဖျောက်ဆိပ် သစ်မျိုးစုံ ၁၀၅၀ ပင်၊ ပွင့်ဖြူမြို့နယ်၌ ယူကလစ်၊ မြန်မာကုက္ကို၊ ဖျောက်ဆိပ်၊ ဗန်ဒါ သစ်မျိုးစုံ ၃၀၀ ပင်၊ ငဖဲမြို့နယ်၌ ယင်းမာ၊ ကံ့ကော်၊ ပိတောက် သစ်မျိုးစုံ ၃၀၀ ပင်၊ စလင်းမြို့နယ်၌ မဲဇလီ၊ တမာ ပျိုးပင် ၃၀၀၊ ပခုက္ကူမြို့နယ်၌ ခရေ၊ ပိတောက်၊ ယင်းမာ၊ မဲဇလီ သစ်မျိုးစုံ ၃၀၀ ပင်၊ ဆိပ်ဖြူမြို့နယ်၌ ကုက္ကို၊ မဲဇလီ၊ ယင်းမာ ပျိုးပင် ၃၀၀၊ မင်းလှမြို့နယ်၌ ပိတောက်၊ ကုက္ကို၊ တမာ ပျိုးပင် ၆၀၀၊ အောင်လံမြို့နယ်၌ ပိတောက်၊ ကုက္ကို၊ တမာ၊ စိန်ပန်းကြီး၊ ဖျောက်ဆိပ် သစ်မျိုးစုံ ၉၀၀ ပင် ၊ ဆင်ပေါင်ဝဲမြို့နယ်၌ တမာ၊ မဲဇလီ၊ ရှား ပျိုးပင် ၆၀၀၊ ကံမမြို့နယ်၌ကျွန်း၊ ပျဉ်းကတိုး ပျိုးပင် ၆၀၀တို့ကို မြို့နယ်အသီးသီးရှိ သတ်မှတ်နေရာများ၌ စုပေါင်းစိုက်ပျိုးခဲ့ပြီး မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၁၅)မြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း (၁၇၁၅၀)ပင်အား စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း