မကွေး ဇူလိုင် ၁၂
ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြား သောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များသည် ပွဲမဝင်ခင် အပြင် က ကျင်းပဆိုသည့် စကားနှင့် အညီ ကြိုတင်လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ ရေပြင်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ် ပြသခြင်း အခမ်းအနားကို ဇူလိုင်လ ၁၂ ရက် ယနေ့နံနက် ၈ နာရီက မကွေးမြို့၊ ကမ်းနားလမ်း We Love Magway ညဈေးတန်း အနီး၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက် ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို ဆောင်ရွက်လျက်ရှိရာ သဘာဝဘေး အန္တရာယ်များ ကျရောက် လာသည့်အခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရမှာ ဖြစ်သည့် အတွက် ယခုလိုသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ဆောင်ရွက်ရတာ ဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေး အန္တရာယ်များ နှစ်စဉ်ပိုမိုဖြစ်ပွား ကြုံတွေ့ရလျက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု ပမာဏလည်း ပိုမိုများပြား လာတာကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပထဝီ အနေအထားအရ ဒေသအလိုက် မီးဘေး ၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြို ဘေး၊ မိုးခေါင် ရေရှားဘေး အစရှိတဲ့ ဘေးအန္တရာယ် များကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း၊ ဒါအပြင် အခြားသော ဓာတုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယို သတ္တိကြွပစ္စည်းများရဲ့ အန္တရာယ်များလည်း ဖြစ်ပွားလာတာကို တွေ့ကြရမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မီးသတ်တပ်ဖွဲ့အတွက် လိုအပ်သော မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေ ကယ်ဆယ်ရေးပစ္စည်း ကိရိယာတွေကို နှစ်စဉ်ဝယ်ယူဖြည့်တင်းပေးလျက်ရှိကြောင်း၊ မီးသတ်တပ်ဖွဲ့ ဝင်များအနေဖြင့် ရေကြီးရေလျှံမှု ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ် ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေး ရှာဖွေကယ်ဆယ် ရေးနဲ့ ကယ်ဆယ်ရွေ့ထုတ်လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အမြဲအသင့်အနေ အထားရှိနေဖို့ လိုအပ်ပါကြောင်း၊ မြစ်ရေမြင့်တက်မှု အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပညာပေးခြင်း၊ သတိပေးခြင်း၊ ရေဘေးဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးအင်အားစုများ၊ စက်လှေ ၊ ရေယာဉ်များ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများကို မြို့နယ်အလိုက် အသင့်စုဖွဲ့ထား လျက်ရှိသည်ကို သိရှိရကြောင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာတွေကို ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတတ်ဖို့၊ အမြဲအသင့်ဖြစ်နေဖို့နဲ့ မိုးဦးကာလနှင့် မိုးနှောင်းကာလများအတွင်း ဖြစ်ပေါ် တတ်သည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးမှု ဘေးအန္တရာယ်များအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များအား အသင့်လေ့ကျင့် ပြင်ဆင် ထားကြစေလိုကြောင်း၊ နိုင်ငံတကာမှာ ပြောင်းလဲတိုးတက်နေတဲ့ မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ် လေ့လာ ဆည်းပူးပြီး မိမိနိုင်ငံသားတို့အတွက် ပြန်လည်အသုံးချ နိုင်ဖို့နဲ့ မီးသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းများဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် လုပ်ဆောင်၍ မရဘဲ အဖွဲ့လိုက်(Teamwork)ဖြင့် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တစ်ဦးချင်းစွမ်းဆောင်ရည်မြင့်မား အောင် ကြိုးပမ်းနေခြင်းဟာ တပ်ဖွဲ့တစ်ခုလုံးရဲ့ စွမ်းဆောင်ရည် မြှင့်တင်နေခြင်းဖြစ်ပြီး၊ ပြည်သူယုံကြည် အားကိုးအားထား ပြုသည့် မီးသတ်တပ်ဖွဲ့ဝင်တွေဖြစ်အောင် လေ့ကျင့်တည်ဆောက်သွား ကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသမှု အစီအစဉ် ဆောင်ရွက်ရာ ဧရာဝတီမြစ်အတွင်း မြေနုကျွန်းပေါ်ရှိ ရေဘေးသင့်ပြည်သူများကို Assault Boat များအသုံးပြု၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းမှု သရုပ်ပြသခြင်း၊ Intellienge Lifebuoy များ အသုံးပြု၍ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်မှု သရုပ်ပြသခြင်း၊ ဆီတင်သင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွား သောကြောင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း သရုပ်ပြသခြင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက် လာသူများက ကြည့်ရှုအားပေးကာ၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ ခင်းကျင်းပြသထား မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။