မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ပေါ်ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ပေါ်ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေး ဇူလိုင် ၁၄

          မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးတွင် မိုးတွင်းကာလ ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ပေါ် ရပ်ကွက် များအတွင်း အဆိုပါလုပ်ငန်းများ လုပ်ဆောင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကွင်းဆင်းသွား ရောက်၍ ကြည့်ရှုစစ်ဆေးကာ၊ ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များ အတွင်းသို့ အဘိတ် (abate)ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့သို့ ဆောင်ရွက်ရာတွင် မကွေးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များက အခြေခံပညာကျောင်းများ နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း မိုးရာသီကာလ၌ ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေလွန်တုပ်ကွေး ရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး၊ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သော နေရာများ၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပြီး၊ ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များအတွင်းသို့ အဘိတ် (abate)ဆေးခတ်ခြင်းနှင့် ပတ်ဝန်း ကျင် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် မိုးရာသီကာလတွင် ဖြစ်ပွား လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပက်သတ်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခြင်း ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း ၊ သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ခြင်ကျား ပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ အဘိတ်ဆေးများခပ်ခြင်းနှင့် ဆေးမှုတ်ခြင်းလုပ်ငန်းများကို ပြည်သူများ ပူးပေါင်းပါဝင်ကာ ရောဂါ ဖြစ်ပွားမှု မရှိစေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း