မကွေး သြဂုတ် ၁၄
မကွေးတိုင်းဒေသကြီး(၂၀၂၅)ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ တိုင်းဒေသကြီး အဆင့် အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၁၄ ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ နှီးနွယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ အခြားအစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး' ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်း ရောဂါဘယကင်းရှင်းရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ လူတိုင်း သက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းဖို့ဆိုတာမှာ ပြည်သူအားလုံး အာဟာရ ပြည့်ဝမျှတဖို့က အဓိကအခြေခံအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်ပြီး၊ ကလေးငယ်များ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးပြီး ပညာထူးချွန်ရန်၊ နိုင်ငံ့ ဝန်ထမ်းများ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝစွာ နိုင်ငံ့ တာဝန်ထမ်းဆောင်နိုင်ရန်၊ ကိုယ်ခံအား ကောင်းပြီး ကူးစက်ရောဂါပိုးတွေ ဝင်ရောက်မှုမှ ကာကွယ်တားဆီးနိုင်ရန်နဲ့ ရောဂါဖြစ်ပွားလာ လျှင်လည်း အင်အားကို အမြန်ပြန်လည် ဖြည့်တင်းပြီး နေကောင်းကျန်းမာစေရေးတို့အတွက် မျှတလုံ လောက်သော အစားအစာကို အပြည့်အဝစားသုံးနိုင်ရန် များစွာလိုအပ်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုတစ်ရပ်လုံး အာဟာရပြည့်ဝပြီး ကျန်းမာစွာ စားသောက် နေထိုင် တတ်တဲ့ အသိပညာ၊ အမူအကျင့် ကောင်းများ ရရှိစေဖို့၊ ကလေးငယ်များနဲ့ အမျိုးသမီးများရဲ့ ကျန်းမာရေးနဲ့ အာဟာရ အခြေအနေ ပိုမိုကောင်းမွန် မြင့်မားလာစေဖို့၊ အာဟာရချို့တဲ့မှုခံစားရတဲ့ လူနာများအား ပြီးပြည့်စုံတဲ့ အာဟာရ စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံမှာ အာဟာရစောင့်ရှောက်မှုလုပ်ငန်း များကို (၁၉၅၄)ခုနှစ် ကတည်းက စတင်ဆောင်ရွက် ခဲ့တာဖြစ်ပြီး ခုလို ဩဂုတ်လတစ်လလုံးကို ‘အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အဖြစ် သတ်မှတ်ကာ ကျေးရွာများအထိ နှစ်စဉ် ကျင်းပ၍ လှုပ်ရှားမှုများ ဆောင်ရွက်နေတာဖြစ်ကြောင်း၊ ပထမ ရက်သတ္တ ပတ်ကို မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက် ကလေးများနှင့် ကျောင်းသား လူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ နို့တိုက်မိခင်များ တတိယ ရက်သတ္တပတ်ကို ကိုယ်ဝန် ဆောင်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထ ရက်သတ္တပတ်ကို အိုင်အိုဒင်း ချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်ဟူ၍ သတ်မှတ် ဆောင်ရွက်သွားကြမှာ ဖြစ်ပါကြောင်း၊ မိခင်တွေအနေနဲ့ ဒီလို မိခင်နို့ စနစ်တကျ တိုက်ကျွေးနိုင်ရေး အသိပညာ ဗဟုသုတနဲ့ လက်တွေ့ လိုက်နာကျင့်သုံးတဲ့ အမူအကျင့် ကောင်းများ ရရှိဖို့၊ မည်သည့် အခြေအနေ၊ အချိန်အခါတွင်မဆို မိခင်နို့ကို အလွယ်တကူ တိုက်ကျွေး နိုင်တဲ့ ပတ်ဝန်းကျင် ကောင်းတွေ ဖန်တီးပေးဖို့၊ မိခင်နို့ရည်ဟာ မွေးစကလေးငယ်ကို ကူးစက်ရောဂါပိုးတွေ ဝင်ရောက်တဲ့ ဘေးမှ ကာကွယ် တိုက်ထုတ်နိုင်ခြင်းဖြင့် ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးငယ်များဘဝကို ရရှိနိုင်စေဖို့နှင့် မြန်မာနိုင်ငံရဲ့ ရင်သွေးငယ်လေးတွေ အနာဂတ်တောက်ပဖို့ မိခင်နို့ကို စနစ်တကျ တိုက်ကျွေးခြင်းမှာ အားလုံးပူးပေါင်းပါဝင်ပြီး ရင်းနှီးမြှုပ်နှံ ကြစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ယခု နှစ်ရဲ့ ကမ္ဘာ့ မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ် ဆောင်ပုဒ် အဖြစ် “ကလေးများ အနာဂတ် လှပဖို့၊ မိခင်နို့ချို တိုက်ကျွေးလို့၊ ရင်းနှီး မြှုပ်နှံကြပါစို့’ လို့ သတ်မှတ်ထား ပါကြောင်းနှင့် ပြည်သူများ ဘဝတစ်လျှောက်လုံး အာဟာရ ပြည့်ဝမျှတအောင် နေထိုင်စားသောက် တတ်ပြီး အနာရောဂါ ကင်းရှင်းဖို့၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့ မိခင်နှင့်ကလေး သေနှုန်းများ ကျဆင်းစေဖို့၊ အာဟာရပြည့်ဝပြီး ကာယနှင့်ဉာဏဖွံ့ဖြိုးတဲ့ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေဖို့ နဲ့ ကလေးများရဲ့ အနာဂတ်မှာ ကျန်းမာဖွံ့ဖြိုး သာယာစေဖို့ အတွက် အခြေခံကျပြီး အရေးပါတဲ့ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို မိခင်နို့တိုက်ကျွေးခြင်းမှအစပြုပြီး အသက်အရွယ် အလိုက် အာဟာရ စောင့်ရှောက်ခြင်းလုပ်ငန်းများ ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပြီး အားလုံး ပူပေါင်းရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ကိုယ်ဝန်ဆောင် ကာလ အာဟာရ ပြည့်ပြည့်၀၀ စားကြစို့ ဗီဒီယိုပြသခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး သူနာပြုသင်တန်းကျောင်း ကျောင်းသူလေးများက လက်ဆေးနည်း တေးသရုပ်ဖော် ပြသကာ၊ ၂၀၂၅ ခုနှစ် မိခင်နို့တိုင်ကျွေးမှု စံပြမိခင်ပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူတို့က ဆုများချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသက်(၆)လမှ(၅)နှစ် အတွင်း ကလေးများအား Vitamin A အားဆေးတိုက်ကျွေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးပြားများ လက်ဆောင်ပေးအပ်ကာ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ခင်းကျင်းပြသထားသော ပြခန်းငယ်အား လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။