မကွေး စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးမြို၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ အားကစားမောင်မယ်များက စစ်ကြောင်းမှူးမှ ဦးဆောင်၍ ချီတက်အလေးပြု တန်းအပ် ခြင်း ဆောင်ရွက်ကာ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျင်းပပြုလုပ်တဲ့ နေပြည်တော် ကျောင်းသားအားကစားပွဲတော်မှာ မကွေးတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့ဟာ ရွှေ၊ ငွေ၊ ကြေး အများဆုံးနဲ့ ထိပ်ဆုံးက ရပ်တည်ပြီး တစ်နိုင်ငံလုံးမှာ ပထမဆုရရှိခဲ့ကြောင်း၊ မကွေးတိုင်းဂုဏ်ဆောင် အားကစားသမားများကိုလည်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများလည်း ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ် မှာလည်း ကျောင်းသားအားကစားပွဲတော်ကို ဗဟိုအဆင့်မှာ ပြိုင်ပွဲမရှိပေမယ့် ASEAN SCHOOLS GAMES အတွက်လူရွေးချယ်ပွဲများကို (၂၅.၉.၂၀၂၅)ရက် နေ့မှ (၂၉.၉.၂၀၂၅) အထိနေပြည်တော်မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပြီး၊ အားကစားနည်းများကတော့ ပိုက်ကျော်ခြင်း(ကျား)၊ ဘတ်စကတ် ဘော(ကျား)၊ ကြက်တောင်(ကျား/မ)၊ ပြေးခုန်ပစ် (ကျား/မ) အစရှိတဲ့ အားကစားနည်း (၄)မျိုးမှာ ထူးချွန်တဲ့ မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများက နေပြည်တော်မှာ သွားရောက် အရွေးချယ် ခံရမှာဖြစ်ပါကြောင်း၊ ရွေးချယ်ခံရသူများကတော့ နိုင်ငံတော်အဆင့် နိုင်ငံ့လက်ရွေးစင် များအဖြစ် ရွေးချယ်ခံရမှာဖြစ်ပြီး ASEAN SCHOOLS GAMES မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်မှုများ ဆက်လက် ပြုလုပ်ရမှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ် ကြောင်း၊ မကွေးတိုင်းဂုဏ်ဆောင်နိုင်မည့် အားကစား သမားများသာမကဘဲ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမား များပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ အထူး မှာကြားလိုပါ ကြောင်း၊ ယခုလို ကျောင်းသားအားကစားပွဲ ပြုလုပ်ပေးခြင်းဖြင့် အခြေခံပညာကျောင်းတိုင်းတွင် အားကစားပြိုင်ပွဲများ အဆင့်ဆင့် ကျင်းပခွင့်ရရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပါဝင်လှုပ်ရှား နိုင်ကာ ရွက်ပုန်းသီးအားကစားသမားများကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ကျောင်းသား အားကစားပွဲများကို စဉ်ဆက်မပြတ်အောင် ပြုလုပ်ပေးနိုင်သည်နှင့် အမျှ ထူးချွန်သော ကစားသမား များပေါ်ထွက်လာနိုင်ခြင်း၊ အားကစားနည်းများကို ပါဝင်ကစားရင်း သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းဥပဒေများကို လိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်ပြီး၊ ကျန်းမာကြံ့ခိုင်ကာ အများနှင့် စုပေါင်းဆောင်ရွက်တတ်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့် အမှာစကား ပြောကြားသည်။
ထိုနောက် ပြိုင်ပွဲဝင်အသင်းများမှ သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြ၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ အ.ထ.က(ခွဲ)ဆားစည့် ကျောင်းမှ ဘင်ခရာအဖွဲနှင့် အ.လ.က အောင်စေ တနာကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မကွေးမြိုပေါ်ရှိ အခြေခံပညာကျောင်းများမှ Fitness Exercises ကို "အာရှမြန်မာ "သီချင်းဖြင့် သရုပ်ပြ တင်ဆက်ခြင်း နှင့် အ.လ.က-ရဲ ကျောင်းမှထာဝရသစ္စာ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ဆက်လက်၍ တိုင်းဒသကြီးဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲများအား ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ခဲ့ပြီး၊ ပြိုင်ပွဲအဖွင့်ပွဲစဉ်ဖြစ်သည့် မကွေးခရိုင်အသင်းနှင့် ပခုက္ကူခရိုင် သင်းတို၏ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏဖွံဖြိုး တိုးတက်စေရေး၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ တိုင်းရင်း သားညီအစ်ကို မောင်နှမအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာစေရန်နှင့် နိုင်ငံတော်အတွက် အားကိုး အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘတ်စကက် ဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနဲ့ ပြေးခုန်ပစ်ပြိုင်ပွဲများကို စက်တင်ဘာလ (၂၀)ရက်မှ စက်တင်ဘာလ(၂၂)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။