မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းသို့ ရောက်ရှိပြီး မင်းတုန်းမြို့တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော မြို့မအား ကစားကွင်း ခြံစည်းရိုး၊ ပွဲကြည့်စင်နှင့် ဝန်ထမ်းအိမ်ရာသစ် တည်ဆောက်ပြီးစီးမှု အခြေအနေအား စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် မင်းတုန်းမြို့ အမှတ် (၃)ရပ်ကွက်ရှိ ပေပင်ကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်သံဃနာယက ဆရာတော် ဦးဇာဂရအား ဖူးမြှော်ကြည်ညိုကာ ဆန်၊ဆီနှင့် သင်္ကန်းတို့အား ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen Plant စက်နှင့် အလှုရှင်များ၏ လှုဒါန်းငွေဖြင့် ဆောက်လုပ်သော စက်ရုံအဆောက်အဦအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်းဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က Oxygen Plant စက်ထောက်ပံ့ရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားကာ စက်ရုံနှင့် အဆောက်အအုံအား ဆေးရုံအုပ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံပြည်သူများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။