တောင်တွင်းကြီး မေ ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊အတွင်းရေးမှူး ဦးသန်းဆွေဝင်း နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသည့် ဝက္ကသေးကျေးရွာ ဧက(၁၀၀) စံပြကွက် တင်း(၁၂၀)တင်းနှင့် အထက် ထွက်ရှိရေး ဝက္ကသေးကျေးရွာအုပ်စု ကွင်းအမှတ် ၂၆၀၀ တောင်သူ ဦးဇေယျာဦးနှင့် ဦးမျိုးမင်းထွန်းတို့၏ စိုက်နည်းစနစ် စမ်းသပ်လယ်ကွက်များအနီးတွင် ဒေသခံတောင်သူ လယ်သမားများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ်တောင်တွင်းကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မျိုးအေး က နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသော ဧက(၁၀၀) စံပြစိုက်ခင်းတွင် တင်း (၁၂၀) တင်းနှင့် အထက် ထွက်ရှိရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံ တောင်သူ လယ်သမားများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်စနစ် မှန်ကန်စေရေးနှင့် စပါးအထွက်တိုးရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးရန် မှာကြားကာ၊ တက်ရောက်လာသော တောင်သူကြီးများ၏ သိရှိလိုသည့် တင်ပြဆွေးနွေးမှုများနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းပြောကြားပြီး၊ တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာ ရရှိရေးအတွက် ဆည်ရေသောက်စနစ်များ ပြန်လည်ပြုပြင်ပြီး အထက်/အောက် ရေလှည့်စနစ် သတ်မှတ်၍ စနစ်တကျ ရေပေးဝေမှာဖြစ်တဲ့အတွက် တောင်သူများမှ ရေအလေအလွင့်နည်းပါးစေရေး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စီစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ပြီး တောင်သူများ ဝင်ငွေတိုးတက်၍ လူနေမှု အဆင့်အတန်းမြင့်မားကာ အလုပ်အကိုင်အခွင့်အလမ်းများ ခံစားရရှိစေမှာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေခြင်းတို့ကြောင့် စီးပွားရေး၊ ကျန်းမာရေးနှင့်လူမှုရေး နယ်ပယ်များ ဖွံ့ဖြိုး ရေးတိုးတက် လာစေဖို့ အထောက်အကူပြုမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာသော တောင်သူ ၅၇ ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ အသီးသီးပေးအပ်ကာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီး များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက နွေစပါးဧက(၁၀၀)စံပြ စိုက်ကွက် အား ကြည့်ရှုခဲ့ကြသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တောင်တွင်း ကြီးမြို့နယ် ရန်ပယ်ရေလှောင်တမံသို့ ရောက်ရှိပြီး ရေဝင်ရောက်မှု အခြေအနေ၊ နွေစပါးအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ် နိုင်ရေးအတွက် အောင်ရေများ အခက်အခဲမရှိ လုံလောက်စွာ ပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ရေလှောင်တမံ တာဝန်ရှိသူများအား တာတမံကြံ့ခိုင် တောင့်တင်းစေရေး၊ သန့်ရှင်းသပ်ရပ် ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ကြရန်နှင့် ဆည်ရေသောက် ဧရိယာအတွင်း စီစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြောင်းဆုံး မြောင်းဖျား ထိ ရေပေးဝေ နိုင်ရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းနှင့် တောင်တွင်းကြီး မြို့နယ် ရန်ပယ် ရေလှောင်တမံ ဆည်ရေဖြင့် နွေစပါးဧက ၉၀၀ စိုက်ပျိုးရန် လျာထားခဲ့သော်လည်း ဧက ၁၁၃၀ အထိ နွေစပါးများ လျာထားဧကကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။